မန္တလေးမြို့ရှိ “နဂါးနန်းတော်”စိန်ရွှေရတနာဆိုင်နှင့် “ဆင်ဖြူတော်”ငွေလွှဲလုပ်ငန်းတို့အား သေနတ်ပြခြိမ်းခြောက်၍ လုယက်မှုကျူးလွန်သူ(၅) ဦးကို ဒီဇင်ဘာ ၂၉ ရက်က သက်သေခံပစ္စည်းများ၊ လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ်ရှိ “နဂါးနန်းတော်”စိန်ရွှေရတနာဆိုင်ရှိ ဆိုငိပိုင်ရှင်နှင့်ဝန်ထမ်းများအား ဒီဇင်ဘာ ၂၆ ရက်နံနက် ၈ နာရီ ၅၀ မိနစ်က အမျိုးသား(၂)ဦးမှ သေနတ်ပြခြိမ်းခြောက်၍ ငွေကျပ် (၁၀၅၀၅)သိန်းတန်ဖိုးရှိ ရွှေထည်ပစ္စည်းမျိုးစုံ(၁ ပိဿာ ၉၁ ကျပ်သား)ခန့်နှင့်ငွေကျပ်သိန်း(၃၀)ခန့်တို့အား လုယက်ယူဆောင်သွားခဲ့ကြသည်။
ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးရာ ဒီဇင်ဘာ ၂၉ ရက်တွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် မိုးအောင်(ခ)အောင်မိုး(၂၉)နှစ်၊ ကျော်စိုးလွင်(ခ)ကျော်ကြီး(ခ)ပြာတာ(၂၉)နှစ်၊ အောင်ပြည့်စုံလွင်(၃၅)နှစ်၊ သန်းထိုက်ထွန်း(ခ)င နဲ(၃၃)နှစ်၊ ထွန်းမင်းလတ်(ခ)ထွန်းမင်း(၅၀)နှစ်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ ၎င်းတို့သည် ဒီဇင်ဘာ ၂၄ ရက်ညနေ ၄ နာရီက မဟာအောင်မြေမြို့နယ်ရှိ “ဆင်ဖြူတော်”ငွေလွှဲလုပ်ငန်းအား သေနတ်ပြ ခြိမ်းခြောက်၍ ငွေကျပ်သိန်း(၃၀၀)နှင့် Ertiga ကားတစ်စီးတို့ကိုလည်းလုယက်ခဲ့ခြင်း၊ မိုးအောင်(ခ)အောင်မိုးသည် ဒီပဲယင်းမြို့နယ်ရှိ PDF အဖွဲ့မှ ဒု-ခေါင်းဆောင်၊ ကျော်စိုးလွင်(ခ)ကျော်ကြီး(ခ)ပြာတာသည် ဒီပဲယင်းမြို့နယ်ရှိ PDF အဖွဲ့မှအဖွဲ့ဝင်တစ်ဦးဖြစ်ခြင်းတို့ကိုလည်း ဖော်ထုတ်သိရှိခဲ့ရသည်။
ဖြစ်စဉ်များမှ ပြစ်မှုကျူးလွန်သူ(၅)ဦးအား သက်သေခံရွှေထည်ပစ္စည်းနှင့် ငွေများ၊ လုယက်မှုကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
