ယနေ့ မေ ၂၉ ရက်မွန်းလွဲပိုင်းက နေပြည် တော်၌ကျင်းပသည့် မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် စေတနာရှင်၊ အလှူရှင်များ၏ ဒုတိယအကြိမ်မြောက်အလှူငွေများပေးအပ်လှူဒါန်းပွဲတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။
မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်(၁၀)ခုတွင်ထိခိုက်မှုရှိခဲ့ပြီး (၆)ခုမှာပြင်းထန်စွာခံစားခဲ့ရပြီး နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်(၁၀)ခုရှိ ရပ်ကွက်(၃၇၄) ခု၊ ကျေးရွာအုပ်စု(၉၄၄)စု၊ ကျေးရွာ(၂၀၈၁)ရွာ၊ အိမ်ထောင်စု(၁၆၂၁၆၇)စု၊ လူဦးရေ(၅၀၆၀၆၉)ဦးဘေးသင့်ခဲ့သည်ဟု ပြောသည်။
” ေ-သဆုံးသူ(၃၇၃၉)ယောက်၊ ပျောက်ဆုံးသူ(၆၈) ယောက်နဲ့၊ ဒဏ်ရာရသူ(၅၁၀၄)ယောက်ရှိပါတယ်။ ဒါ့အပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ ပြည်ပနိုင်ငံတွေကလာရောက်ကူညီကြတဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး အ ရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ကြတာကြောင့် အဆောက်အအုံတွေထဲမှာ ပိတ်မိနေသူ(၆၅၃)ယောက်ကိုအသက်ရှင်လျက်ရှာဖွေကယ်ဆယ်နိုင်ခဲ့ပါတယ်။ ေ-သဆုံးသူ(၈၀၆) ယောက်ကိုလည်း ဖော်ထုတ်ရှာဖွေပေးနိုင်ခဲ့ပါတယ် “ဟု နစက ဥက္ကဋ္ဌက ပြောသည်။
ထို့ပြင် နေအိမ်၊ အဆောက်အဦနှင့် အခြားထိခိုက်ပျက်စီးမှုများအနေဖြင့် လူနေအိမ်(၅၁၂၁၀)လုံး၊ လမ်းလုပ်ငန်း(၄၃၁)ခု၊ တံတား(၁၀၃)စင်း၊ ရထားလမ်းပျက်စီးနေရာ(၈၃)နေရာနှင့် ရထားလမ်းတံ တား(၁၁)စင်း၊ မိုဘိုင်းဆက်သွယ်ရေးစခန်း (၆၇၃၀)ခု၊ မဟာဓာတ်အားလိုင်း(၁၀)လိုင်း၊ ဓာတ်အားလိုင်းတိုင်(၃၄၃၅)တိုင်၊ ဆည်မြောင်း(၅၉၄)ခု၊ တာတမံ(၆)ခု၊ ဌာနအဆောက်အဦ(၁၁၃၃၈)လုံး၊ ဆေးရုံ(၃၈၄)ရုံ၊ ဆေးခန်း(၃၆၄)ခန်း၊ ရှေးဟောင်းအဆောက်အဦနှင့်ပြတိုက်(၁၆၆)ခု၊ အခြေခံပညာကျောင်း(၂၄၀၉)ကျောင်း၊ အဆင့်မြင့်ပညာကျောင်း(၇၂)ကျောင်း၊ ပုဂ္ဂလိကစာသင်ကျောင်း (၉၀)ကျောင်း၊ ဘုရားစေတီ(၆၄၆၉)ဆူ၊ ဘုန်းကြီးကျောင်း/သီလရှင်ကျောင်းနှင့် အခြားဘာသာရေးအဆောက်အဦ(၅၅၈၈)ခု၊ ပုဂ္ဂလိကစက်ရုံ/အလုပ် ရုံ(၃၄၄)ခု၊ သီးနှံ(၇၈ ဒသမ ၅)ဧက၊ တိရိစ္ဆာန် (၁၃၃၇၀၀)ကောင်ထိခိုက်ပျက်စီးခဲ့ရသဖြင့် မူလပျက်စီးဆုံးရှုံးမှုတန်ဖိုးစုစုပေါင်းမှာ ငွေကျပ်(၃၈၀၄ ဒသမ ၅၄၉)ဘီလီယံဖြစ်သည်ဟု ပြောသည်။
ထို့ကြောင့် ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့ရသည့် တိုင်းနှင့်ပြည်နယ်များ၌ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ်ထောက်ပံ့ကူညီရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် အပျက်အစီးများရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တစိုက်မတ်မတ်ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
