မန္တလေးကလေးဆေးရုံကြီး၏ အဆင့်မြင့် ၈ ထပ် ကလေးကုသဆောင်သစ်ကို ဇူလိုင် ၄ ရက် နံနက်ပိုင်းက ဖွင့်လှစ်လိုက်ပြီး မန္တလေးနှင့် အထက်မြန်မာပြည်ရှိ ကလေးလူနာများအတွက် ပိုမိုပြည့်စုံကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်တော့မည်ဖြစ်သည်။
ခုတင် ၅၅၀ ဆံ့ရှိသည့် မန္တလေးကလေးဆေးရုံကြီး၏ ကုသနိုင်စွမ်းကို မြှင့်တင်ပေးမည့် အဆိုပါကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။
ကုသဆောင်သစ်တွင် မြေညီထပ်၌ အရေးပေါ်ဌာနနှင့် ပြင်ပလူနာဌာနများကို ထည့်သွင်းဖွဲ့စည်းထားပြီး အထက်ထပ်များတွင် ခေတ်မီခွဲစိတ်ခန်းများ၊ ကလေးကုသဆောင်များနှင့် သင်ကြားရေးစာသင်ခန်းများကို စနစ်တကျ တည်ဆောက်ထားကြောင်း သိရသည်။
လက်ရှိတွင် မန္တလေးကလေးဆေးရုံကြီး၌ ကလေးနှလုံးရောဂါ၊ အရိုးရောဂါ၊ မွေးကင်းစကလေး အထူးကြပ်မတ်ကုသမှု (NICU) အပါအဝင် အထူးကုကျန်းမာရေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ကျန်းမာရေးဝန်ကြီးသည် ယခုခရီးစဉ်အတွင်း မန္တလေးပြည်သူ့ဆေးရုံကြီး ကင်ဆာကုသဆောင်ရှိ ဆေးသွင်းဌာနနှင့် ကန်တော်နဒီ သွားနှင့်ခံတွင်းအထူးကုဌာနတို့ကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ကန်တော်နဒီဌာနတွင် ခေတ်မီဒစ်ဂျစ်တယ်စနစ်ဖြင့် Zirconia Crown (ပုလဲသွားတု) ထုတ်လုပ်တပ်ဆင်ပေးနေသည့် လုပ်ငန်းစဉ်များကို အသေးစိတ်လေ့လာစစ်ဆေးခဲ့ကြောင်း သိရသည်။
