မင်း ကိုမုန်းတယ်။ကိုမုန်းတယ်။တစ်ခုခုကို စဉ်းစားလိုက် ရင် မင်းအကြောင်းက အရင်ဆုံးရောက် လာတယ်။ မင်းအကြောင်းကို စဉ်း စားမိရင် ငါအသက်ရှူကျပ်လာတယ်။ မင်းအကြောင်းကို စဉ်စားမိတိုင်း ငါ မပျော်ရွှင်နိုင်ဘူး။ ဒါကြောင့် မင်းကို မုန်းတယ်။ အခန်းဟာ တိတ်ဆိတ်လို့။ ညဥ့်သန်းခေါင်ကျော်မှာ ငါနိုးလာ တယ်။ ဘယ်သူမှ မရှိဘူး။ တိတ် ဆိတ် မှုထဲ ငါ့ဘာသာ တီးတိုး ရေရွတ်မိ တယ်။ မင်းကိုမုန်းတယ်။ မင်းက ဒါတွေ ဘယ်သိမလဲ။ မင်းက ဒါတွေ ဘယ်ဂရု စိုက်မလဲ။ ဒါပေမဲ့ ငါကမင်းကို မုန်းမှ ဖြစ်မယ်။ အဲဒီအခါ ငါရော မင်းပါ အဆင်ပြေနိုင်လိမ့်မယ်။ ဒါကြောင့် မင်း ကိုမုန်းတယ်။ မပျော်ရွှင်ဘဲ တစ်ယောက် တည်း နေသားကျနေပြီတဲ့။ နောက်ထပ် ဒါမျိုးတွေ ငါ့ကို ဘယ်တော့မှ မပြောနဲ့။ မင်းကိုမုန်းတယ်။
ချစ်မေတ္တာဆိုတာ ထိုက်တန်သူတွေသာရကြစမြဲ။ တစ် ယောက်တည်းလည်း ဘာဖြစ်သလဲ။ ငါထပ်ပြောပါရစေ။ မင်းကိုမုန်း တယ်။ လူတစ်ယောက်ဟာ လူတစ် ယောက်အတွက် ပူပန်နေခဲ့ရ တယ်။ ဘာတွေဆက်ဖြစ် လာမယ်ဆိုတာ မသိဘဲ နေ့ စဉ်ထုတ် သတင်းစာမှာ ကျုံးထဲကနေ အမည်မသိ လူ တစ်ယောက်ရဲ့ အလောင်း ပေါ်လာ တယ်လို့ ဖတ်မိရင် မင်းအရင်ဆုံး သတိရတယ်။ မင်းများဖြစ်နေ မလား လို့။ မင်းကို သတိရခြင်းဟာ ငါ့ကိုတုန် လှုပ်စေတယ်။ ငါအခု မေ့ထားနိုင်ပြီ။ မင်းကိုမုန်းတယ်လေ။ ဒီနေ့ညဦးပိုင်း မိုးတွေရွာနေတယ်။ မိုးမိတယ်။ ငါနွေးထွေးအောင် နေ တယ်။ ငါမိုးစက်တွေကို ကြည့်တယ်။ မင်းရောဘယ်လိုလဲ။ မိုးရေစက်တွေ က ငါ့ကိုတဒင်္ဂ အေးမြသွားစေရဲ့။ သတိရ ခြင်းဟာ မိုးရေစက်တွေထဲမှာ။ ဒါပေမဲ့ ငါမင်းကိုမုန်းပါတယ်ကွယ်။ မင်းတစ် ယောက် ဘယ်ကိုရောက်ရောက်၊ မင်း တစ်ယောက် ဘာတွေလုပ်လုပ်၊ မင်း တစ်ယောက် ဘယ်လိုဖြစ်ဖြစ် အခုတော့ ငါရှာဖွေလို့ တွေ့ရှိခဲ့ပြီကွယ်။ မင်းကိုမုန်း တယ်။ အချိန်တန်ရင် တစ်နေ့မှာမင်းဟာ ကိုယ့်ဇာတိမြို့ကလေးကို တစ်ခေါက် ပြန်ရောက်လာမှာ။ အချိန်တန်ရင် တစ် နေ့မှာမင်းဟာ ငါ့ကိုမေ့သွားမှာ။ အချိန် တန်ရင် အဖြစ်အပျက်တစ်ခုဟာ ဘာမျှ အရေးမကြီးသလိုနဲ့ ပြီးဆုံးသွားမှာ။ ငါ မင်းကို မုန်းနေတာ။ ကမ်းခြေက ကျောက်တုံးကြီး ပေါ် ထိုင်လို့ မင်းရယ်နေတာ။ အဲဒီ ကျောက် တုံးကြီးကို ငါအားနာပါတယ်။ မင်း ကိုမုန်းတယ်။
နေမျိုး