မကွေးတိုင်းရှိ မကွေးစက်မှုဇုန်အား ၂၄ နာရီလျှပ်စစ်မီးရရှိရေးစီမံထားသည်ဟု မကွေးတိုင်းဝန်ကြီးချုပ်ဦးတင့်လွင်မှ ဇန်နဝါရီ ၂၇ ရက်မွန်းလွဲပိုင်းကကျင်းပသည့် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၅)အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်တွင် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုကဏ္ဍနှင့်ဝန်ဆောင်မှုကဏ္ဍတို့၌ မတည်ငွေရင်းပမာဏကျပ်(၉၉၄၃ ဒသမ ၈၁၄)သန်း၊ အလုပ်အကိုင်အခွင့်အလမ်း (၇၇)ဦးရရှိသည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၄)ခုကိုခွင့်ပြုပေးခဲ့သဖြင့် ၂၀၂၅ ခုနှစ်အတွင်း မကွေးတိုင်းသို့ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဝင်ရောက်လာမည့် အလားအလာကောင်းများရှိနေသည်ဟု ပြောသည်။
ထို့ပြင် မကွေးမြို့တွင် မကွေးစက်မှုဇုန်ပေါ်ထွန်းလာပြီဖြစ်၍ ပြည်တွင်း/ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကဏ္ဍစုံရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အခွင့်အလမ်းကောင်းဖြစ်ပြီး မကွေးစက်မှုဇုန်အား ၂၄ နာရီ လျှပ်စစ်မီးရရှိရေးစီမံထားရှိ၍ ဇုန်အတွင်းရင်းနှီးမြှုပ်နှံသူများလွယ်ကူအဆင်ပြေစွာ လုပ်ငန်းဆောင်ရွက်နိုင်ရေးကိုအလေးထားဆောင်ရွက်ပေးသွားမည်ဟု ပြောသည်။
” ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်ဝင်ရောက်လာတာနဲ့အမျှ အလုပ်အကိုင်အခွင့်အလမ်းတွေတိုးတက်ရရှိမှာဖြစ်သလို လူမှုစီးပွားလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်တွင်း/ပြည်ပကလုပ်ငန်းရှင်တွေအနေနဲ့ မကွေးတိုင်းထဲမှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေလာရောက်ပြုလုပ်ကြဖို့အတွက် ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ခြင်းတွေ ဆောင်ရွက်ကြရပါမယ်”ဟု တိုင်းဝန်ကြီးချုပ်ဦးတင့်လွင်ကမှာကြားသည်။
ထို့အတူ ကော်မတီအဖွဲ့ဝင်များအနေဖြင့် မကွေးတိုင်းကို စိတ်ပါဝင်စားပြီးလာရောက်လုပ်ကိုင်သော ပြည်တွင်း/ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကို နိုင်ငံတော်ကသတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွယ်ကူစွာဆောင်ရွက်နိုင်ရန် အားပေးကူညီကြရမည်ဟုလည်း မှာကြားခဲ့သည်။