ပရိသတ်အများစု စိတ်ဝင်စား နေကြတဲ့ ဘုဏ်းသိုက်ရဲ့ အိမ်ထောင်ရေးကတော့ လက်ရှိအချိန်ထိ အဆင်ပြေမှု မရှိသေးပါဘူး။ ဘုဏ်းသိုက် ကိုယ်တိုင်ကလည်း အိမ်ထောင်ရေး အကြောင်းတွေ ပြောတော့မယ့် အခါတိုင်းစိတ်က အဆင်သင့်ဖြစ်မနေတဲ့ အတွက် စိတ်က ဝမ်းနည်းလာတာမို့ အဲဒီအကြောင်းတွေကို မေးတဲ့အခါတိုင်း အိမ်ထောင်ရေးနဲ့ ပတ်သက် တာတွေကို မပြောချင်ဘူးလို့ ဆိုပါတယ်။
”ကျွန်တော်တို့ အဆင်မပြေ ဘူးဆိုတာ ကြာပြီပေါ့။ ကျွန်တော်လည်း အခုအချိန်မှာ အလုပ်တွေကို အကောင်းဆုံးလုပ်နေပါတယ်။ တစ်ခါတစ်ရံကျတော့လည်း ခက်တယ်ဗျ။ ကျွန်တော်တို့တွေက တစ်ဖက်ဖက်မှာပဲ ရပ်တည်ချင်ကြတယ်လေ။ ဥပ မာဗျာ – နိုင်ငံရေးပါတီတစ်ခုပေါ့ဗျာ။ တစ်ခုမကောင်းရင် တစ်ခုပေါ့။ နှစ်ခုစလုံး ကောင်းတာလည်း ဖြစ်နိုင်တယ်။ နှစ်ခုစလုံးမှာလည်း ချွတ်ယွင်းချက် ကိုယ်စီ ရှိနိုင်တယ်။ ဖြစ်နိုင်တာပဲ။ အထူးသဖြင့် အခုလိုဟာကျတော့ ကျွန်တော့်ရဲ့ စိတ်ခံစားချက်အမှန်ကို ရှင်းပြလိုက်ရင်လည်း လူတွေက တစ်ဖက်ဖက်မှာ ရပ်တည်ကြမှာ ဖြစ်တယ်။ ကျွန်တော့်ဘက်ကိုကျတော့ Negative အမြင်နဲ့ပဲ အသားကျ နေကြတယ်။ အဲဒါကြောင့် ကျွန်တော် ဘယ်တော့မှ မဖြေတော့ဘူး။ အခု ကိစ္စတွေကို”လို့ ဘုဏ်းသိုက်က အိမ်ထောင်ရေးအခြေအနေနဲ့ ပတ်သက်ပြီး သူ့စိတ်ခံစားမှုကို ဖြေလို့ရနိုင်သလောက် ဖြေပေးသွားခဲ့တာ ဖြစ်ပါတယ်။
သမီးလေး မြမိုးဂင်္ဂါနဲ့ ပတ်သက် လို့ကတော့ ဘုဏ်းသိုက် ရန်ကုန်မှာ ရှိနေတဲ့ အချိန်တွေတိုင်းမှာ သူနဲ့ အတူ တစ်ပတ်မှာ ၅ ရက်အထိကို အတူတူရှိနေတတ်ပါတယ်။ သူကိုယ်တိုင် ရေမိုးချိုးပေး။ ကျောင်းပို့ ကျောင်းကြိုတွေကို နေ့စဉ်လုပ်ပေး နေတဲ့ အခြေအနေဖြစ်ပါတယ်။ သမီးလေး အမေ(ချမ်းချမ်း)က သူ့ ထက် အချိန်ပိုအားတဲ့ အချိန်တွေမှာတော့ သမီးလေးက ချမ်းချမ်းနဲ့အတူ ရှိနေတတ်တယ်လို့ ဘုဏ်းသိုက်က ပြောပါတယ်။
အလုပ်တွေ ဖိပြီးကြိုးစားနေတဲ့ ဘုဏ်းသိုက်တစ်ယောက် သူပါဝင်သရုပ်ဆောင်ထားတဲ့ ‘နေရယ် လရယ် အမှန်တရားရယ် -၂’ ဇာတ် လမ်းတွဲကိုတော့ MRTV ရုပ်သံ လိုင်းမှာ ထုတ်လွှင့်ပြသလျက်ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းတွဲမှာ ဘုဏ်းသိုက်က ရှေ့နေတစ်ဦးအဖြစ် သရုပ်ဆောင်ရတဲ့ ကာရိုက်တာ ဖြစ်ပါတယ်။ တရားမျှတမှုအကြောင်းတွေကို ရိုက်ကူးထားတဲ့ ရုပ်သံဇာတ် လမ်းတွဲကောင်းတစ်ခုလည်း ဖြစ်ပါတယ်။
”ကျွန်တော်တို့ ရိုက်ထားတဲ့ နေရယ်၊ လရယ်၊ အမှန်တရားရယ် ဇာတ်ကားက အန်တာတိန်းမန့်တစ်ခု အတွက်ပဲ မဟုတ်တော့ဘဲနဲ့ ဥပဒေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုပါ သိစေချင်တဲ့အတွက် တစ်ခုခုလည်း ရမယ်။ အန်တာတိန်းမန့်လည်း ဖြစ်မယ်” လို့ ဘုဏ်းသိုက်က ပြောပြခဲ့ပါတယ်။
ထက်လူ