မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နှီးပဒေါရွာ၌ ဘာသာရေးနှင့် မသင့်လျော်သည့်အပြုအမူများ ဆောင်ရွက်ခဲ့သည့် ပိဋကတ်သုံးပုံ မယ်တော်ကြီးဆိုသူ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးကို ဒေသအာဏာပိုင်များက ထိမ်းသိမ်းထားကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးသည် ထီးဖြူဆောင်းပြီး ပလ္လင်ပေါ်မှ တရားဟောကာ ဟောပြောချက်များသည်လည်း တရားလမ်းစဉ်နှင့် ကွဲလွဲနေသည်ဟု သိရသည်။
အဆိုပါ အမျိုးသမီးအား ဓမ္မစက်နှင့် အာဏာစက်နှစ်ရပ်ပေါင်းစပ်ကာ လုပ်ထုံးလုပ်နည်းနှင့်အညီ ထိန်းသိမ်းခဲ့ကြောင်းလည်း မြို့နယ်သံဃနာယက အကျိုးတော်ဆောင် လမင်းဆရာတော်က လူမှုကွန်ရက်၌ မျှဝေထားသည်။
လက်ရှိတွင် မုဒုံမြို့နယ်ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးနေကာ သာသနာညှိုးနွမ်းစေမှု ပုဒ်မ (၂၉၅) ဖြင့် အမှုဖွင့်ရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။
အဆိုပါ အမျိုးသမီးကြီးသည် ပလ္လင်ပေါ်မှ မွန်ဘာသာစကားဖြင့် တရားဟောသည့်ရုပ်သံများ လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာပြီးနောက် ထိုကဲ့သို့အရေးယူခံခဲ့ရခြင်း ဖြစ်သည်။
