မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံချစ်ကြည်ရေး တိုးမြှင့်နိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဘယ်လာရုစ်နိုင်ငံဖျော်ဖြေရေးအဖွဲ့ နှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းတို့ ယမန်နေ့ အောက်တိုဘာ (၈) ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံမှုတွင် ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေရေးအဖွဲ့ခေါင်းဆောင် တေးဂီတပညာရှင်နှင့် တေးရေးတေးဆို Mr Vlad mir Sukolinsky ဦးဆောင်သည့်အဖွဲ့ ၊ ရုရှား-မြန်မာချစ် ကြည်ရေးအသင်း ဥက္ကဋ္ဌတို့လည်းတက်ရောက်ခဲ့ပြီး ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် အမြဲတမ်းအတွင်းဝန်တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ဘယ်လာရုစ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်း နိုင်ငံဖြစ်ပြီး ယခု ဂီတဖျော်ဖြေပွဲများပြုလုပ်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူအကြား ပေါင်းကူးတံတားသဖွယ်ရင်းနှီးမှုကို တိုးမြှင့်ရရှိမည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်။
မြန်မာ-ရုရှား-ဘယ်လာရုစ် (၃)နိုင်ငံ ပူးပေါင်း၍ ဂီတဖျော်ဖြေပွဲကို ရန်ကုန်နှင့် နေပြည်တော်တို့တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဘယ်လာရုစ်ဖျော်ဖြေရေးအဖွဲ့သည် မန္တလေး၊ ပြင်ဦးလွင်တို့တွင် ဖျော်ဖြေခဲ့ပြီးလည်း ဖြစ်သည်။
