ဘန်ကောက်လူထုသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့(BMTA) သည် သက်တမ်းရင့်ယာဉ်များနေရာတွင် လျှပ်စစ်ဘတ်စ်ကား ၁,၅၂၀ စီးဖြင့် အစားထိုးပြေးဆွဲရန် ပြင်ဆင်နေပြီး ၂၀၂၇ ခုနှစ် မတ်လတွင် ယင်းဘတ်စ်ကားများဖြင့် စတင်ပို့ဆောင်ပေးနိုင်မည်ဟု မျှော်လင့်ထားသည်။
BMTA ဒါရိုက်တာ ကစ်တီကန် ချောင်ဒေါင် ချာရူဝိုရာပိုလ်ကူလ်သည် ဗုဒ္ဓဟူးနေ့က ချာချောင်ဆာအိုရှိ ကားတပ်ဆင် ထုတ်လုပ်သောစက်ရုံ Absolute Assembly သို့ သွားရောက်၍ အီးဗီဘတ်စ်ထုတ်လုပ်မှုလိုင်းကို စစ်ဆေးခဲ့သည်။
အီးဗွီကားများဖြင့် သယ်ယူပို့ဆောင်ရေးသည် ခရီးသည်များအတွက် အဆင်ပြေမှု၊ ဘေးကင်းမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာစွမ်းဆောင်ရည်ကို တိုးတက်စေမည်ဖြစ်ပြီး အဖွဲ့အစည်းအတွက် လောင်စာဆီနှင့် ပြုပြင်ထိန်းသိမ်းမှုကုန်ကျစရိတ်များကို နှစ်စဉ် ဘတ် ၄ ဒဿမ ၁ ဘီလျံခန့် လျော့ကျ စေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဘတ်စ်ကားများတွင် အမိုးပေါ်ဘက်ထရီများ၊ အရေးပေါ်ထွက်ပေါက် သုံးခုနှင့် လူတိုင်း အလွယ်တကူ ရယူသုံးစွဲ နိုင်သော ကမ္ဘာသုံးပုံစံ အင်္ဂါရပ်များပါရှိသည်။ BMTA သည် ဘတ်စ်ကားရုံ ၁၂ ခုနှင့် အားသွင်းစခန်းများတည်ဆောက်နေပြီး ဘတ်စ်ကားတစ်စီးလျှင် အားသွင်းရန် သုံးနာရီခန့် ကြာမြင့်သည်။ မကြာမီတွင် ပုံစံငယ်ဘတ်စ်နှစ်စီးကို BMTA ယာဉ်မောင်းများက စမ်းသပ်မည်ဖြစ်ကာ မြို့တော်တစ်ခွင် ဖြန့်ကျက်ခြင်းအစီအစဉ်မစမီ ဘေးကင်းမှုကို အကဲဖြတ်မည်ဖြစ်သည်။
Ref: ဘန်ကောက်ပို့စ်
