အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်နံနက်ပိုင်းက ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားသည့် ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီတော်ကိုဖူးမြှော်ကြည်ညိုပြီး ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊ ရေချမ်းနှင့် ပန်းဆပ်ကပ်လှူဒါန်းခဲ့သည်။
နားနေဆောင်၌ အလှူငွေများလှူဒါန်းပြီး မှတ်တမ်းတင်လက်မှတ်ရေးထိုးကာ ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေအတွင်း လှည့်လည်ဖူးမြော်ကြည်ညိုခဲ့သည်။
ဗုဒ္ဓဂါယာသို့ နိုင်ငံ့ခေါင်းဆောင်များသွားရောက်ဖူးမြော်ခြင်းသည် ဘာသာရေးဆိုင်ရာအရေးပါမှုအပြင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ယဉ်ကျေးမှုဆက်ဆံရေးမြှင့်တင်ရေးအတွက်လည်း အထူးအဓိပ္ပာယ်ရှိသည်။
ဗုဒ္ဓဂါယာသည် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်တွင်ရှိပြီး ဂေါတမဗုဒ္ဓသည် ဗောဓိပင်အောက်တွင် သမ္မာသမ္ဗောဓိဉာဏ်တော်ရရှိခဲ့၍ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာသမိုင်းဝင်ဘုရားဖူးဒေသဖြစ်ကာ မဟာဗောဓိစေတီတော်နှင့် ဗောဓိပင်တော်တို့သည် ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်များ၏ယုံကြည်ကိုးကွယ်ရာ အထင်ကရနေရာများဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင် UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသအဖြစ်သတ်မှတ်ခံထားရသည်။
မြန်မာနိုင်ငံအပါအဝင် သီရိလင်္ကာ၊ ထိုင်း၊ လာအို၊ က မ္ဘောဒီးယားနှင့် အခြားဗုဒ္ဓဘာသာနိုင်ငံများမှ ဘုရားဖူးများ နှစ်စဉ်လာရောက်ဖူးမြော်လေ့ရှိပြီး မြန်မာနိုင်ငံကလည်း ဗုဒ္ဓဂါယာဒေသတွင် ဘုန်းတော်ကြီးကျောင်းနှင့် သာသနာရေးအဆောက်အအုံများတည်ဆောက်ထား သည်။
မဟာဗောဓိစေတီသည် ဂေါတမဗုဒ္ဓ သမ္မာသမ္ဗောဓိဉာဏ်တော်ရရှိခဲ့သည့် ဗောဓိပင်တော်အနီး၌တည်ထားသော ဗုဒ္ဓဘာသာ၏ အထင်ရှားဆုံးသမိုင်းဝင်အထိမ်း အမှတ်စေတီတော်ဖြစ်ကာ အိန္ဒိယဘုရင် အသောကမင်းကြီးက ဘီစီ(၃)ရာစုခန့်တွင်စတင်တည်ထားခဲ့သည်ဟု သမိုင်းမှတ်တမ်းများတွင်ဖော်ပြထားကာ ယနေ့မြင်တွေ့ရသော စေတီတော်ပုံစံမှာ အေဒီ(၅)ရာစုမှ (၆)ရာစုအတွင်းတည်ဆောက်ခဲ့သည့်လက်ရာများကို အခြေခံထားသည်။
မဟာဗောဓိစေတီသည် ဗုဒ္ဓဘာသာဝင်များ၏ အမြင့်မြတ်ဆုံးဘုရားဖူးနေရာများအနက်တစ်ခုဖြစ်ပြီး နှစ်စဉ် ကမ္ဘာတစ်ဝန်းမှ ဗုဒ္ဓဘာသာဝင် သန်းနှင့်ချီလာရောက်ဖူးမြော်ကြသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အထင်ကရ အမွေအနှစ်နေရာတစ်ခုဖြစ်သည်။
