အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ် သာမြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့သည်။
ထိုသို့ သွားရောက်ပြီးနောက် မဟာဗောဓိဓမ္မရိပ်သာမြန် မာဘုန်းကြီးကျောင်းရှိ ဆရာတော်၊ သံဃာများအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတော်သမ္မတသည် မြတ်စွာဘုရားရှင်၏ ဘဝအလှည့်အပြောင်းနှင့် ဆက်နွယ်သည့် သာသနာရေးဆိုင်ရာအထိမ်းအမှတ်နေရာဖြစ်သော သုဇာတာကျောင်းတော်နှင့် သုဇာတာအိမ်နေရာစေတီကုန်းတို့ကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သုဇာတာကျောင်းတော်သည် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာအနီး ဆေနာနိဂမ်ကျေးရွာအနီးတွင်တည်ရှိကာ မြတ်စွာဘုရားရှင်၏ သာသနာရေးသမိုင်းနှင့်ဆက်နွယ်သော အရေးပါသည့်ဘုရားဖူးနေရာတစ်ခုဖြစ်သည်။
မြတ်စွာဘုရားရှင်သည် သမ္မာသမ္ဗောဓိဉာဏ်တော်မရရှိမှီ အလွန်ပြင်းထန်သော တရားကျင့်စဉ်ကာလအတွင်း ခန္ဓာကိုယ်အားနည်းနေစဉ် သုဇာတာအမည်ရှိ အမျိုးသမီးက နို့ထမင်းဆက်ကပ်လှူဒါန်းခဲ့သည်ဟု သမိုင်းနှင့် ဗုဒ္ဓစာပေများတွင်ဖော်ပြထားသည်။
ယင်းအလှူသည် မြတ်စွာဘုရားရှင်အား အလယ်အလတ်လမ်းစဉ်ကို စတင်သဘောပေါက်စေသည့် အရေးပါသောဖြစ်စဉ်တစ်ခုအဖြစ်ယူဆကြပြီး ဗုဒ္ဓဂါယာ၌ သမ္မာသမ္ဗောဓိဉာဏ်တော်ရရှိရန်လမ်းကြောင်းပြောင်းလဲမှု၏ သမိုင်းဝင်အချက်အလက်တစ်ခုအဖြစ်ထင်ရှားသည်။
ထို့ကြောင့် သုဇာတာကျောင်းတော်သည် ဗုဒ္ဓ၏ ဘဝအ လှည့်အပြောင်းနှင့်ဆက်နွယ်သည့် သာသနာရေးဆိုင်ရာအထိမ်းအမှတ်နေရာအဖြစ် ကမ္ဘာတစ်ဝန်းမှ ဘုရားဖူးများလာရောက်ဖူးမြော်လေ့ရှိကြသည်။
