ဗီယက်နမ်နိုင်ငံ၌ ကြေးသွန်းပူဇော်ထားသည့် ကြေးသွန်းရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံသို့ ပင့်ဆောင်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ၌ ကြေးသွန်းပူဇော်၍ မြန်မာနိုင်ငံသို့ပင့်ဆောင်ပူဇော်မည့် ဗုဒ္ဓကြေးသွန်းရုပ်ပွားတော်မြတ်ကြီးအား ကြေးသွန်းလောင်းမှု ပြီးစီးသည့်အခမ်းအနားကို ဗီယက်နမ်ရဟန်းတော် သဒ္ဒမဇောတိကဓဇ ဘဒ္ဒန္တ ဦးဝိမလ (Thich Thien Ngoc) က ဦးဆောင်၍ ကြေးသွန်းပြုလုပ်သည့် နင့်ဘင်ပြည်နယ်၌ စက်တင်ဘာလ (၂၇)ရက်တွင် ကျင်းပခဲ့သည်။
အဆိုပါပွဲသို့ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဝေလင်းနှင့် ဇနီး၊ မြန်မာစစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် မြင့်ထွန်းနိုင်နှင့် ဇနီး၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးမှ ဝန်ထမ်းများ ပါဝင်တက်ရောက် ကြည်ညိုပူဇော်ခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံ ဗုဒ္ဓဘာသာနှင့် သာသနာတော်ပြန့်ပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးတို့အတွက် ပေါင်းကူးတံတားသဖွယ် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်းတို့ကို ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဝေလင်းက လျှောက်ထားခဲ့ပြီး ဆရာတော် ဦးဝိမလက အခက်အခဲများအကြားမှ ယခုကဲ့သို ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံသို့ ပင့်ဆောင်ပူဇော်နိုင်မည့်အခြေအနေအထိ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့မှုများအပေါ် ဝမ်းမြောက်ဂုဏ်ယူ စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ယခုသွန်းလုပ်ပြီးစီးသည် ဗုဒ္ဓကြေးသွန်းရုပ်ပွားတော်မြတ်ကြီးသည် ဉာဏ်တော် (၁၉) ပေ၊ လုံးပတ်တော်အကျယ် (၁၈) ပေ၊ ရှေ့နောက် (၁၀) ပေ၊ အလေးချိန် (၈) တန်ခန့်ရှိပြီး ဗီယက်နမ် ဗုဒ္ဒဘာသာ သံဃာ့အမှုဆောင်အဖွဲ့၊ ပြည်ပသာသနာတော်ပြန့်ပွားရေးကော်မတီအဖွဲ့ဝင်၊ သဒ္ဒမဇောတိကဓဇ ဘဒ္ဒန္တ ဦးဝိမလ (Thich Thien Ngoc) က ဦးဆောင်၍ ဗီယက်နမ် ဗုဒ္ဓဘာသာဝင်ပြည်သူများ၏ ကုသိုလ်ပါဝင်မှုဖြင့် သွန်းလုပ်ပူဇော်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓကြေးသွန်းရုပ်ပွားတော်မြတ်ကြီးကို ပင်လယ်ရေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပင့်ဆောင်၍ ဆရာတော်ကျောင်းထိုင်သည့် ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့ နယ်ရှိ မဟာပုည ဝိဟာရ (CHUA DAI PHUOC) ဗီယက်နမ်ကျောင်းတိုက်၏ သိမ်တော်ကြီးတွင် ကိန်းဝပ်စံပယ်ထားရှိ ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓကြေးသွန်းရုပ်ပွားတော်မြတ်ကြီးသည် မြန်မာ – ဗီယက်နမ် နှစ်နိုင်ငံနှင့် ပြည်သူနှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သိရသည်။
