ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ကျိုက်ဒေးအပ်ဆံတော်ဦး စေတီမြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူနိုင်ရေး ဒုတိယအကြိမ်မြောက် အလှူငွေပေးအပ်ပွဲကို ဖေဖော်ဝါရီ (၁၅)ရက်က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
၎င်းအခမ်းအနားတွင် အလှူရှင်များ၏ စုစုပေါင်းလှူဒါန်း ငွေကျပ် ၄၃၅,၅၀၄,၀၀၀ (ကျပ်လေးထောင့်သုံးရာ ငါးဆယ့်ငါးသိန်းနှင့် လေးထောင်ကျပ်) တိတိဖြစ်ကြောင်း သိရသည်။
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီမြတ်ကြီး၏ သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန် ဖွင့်ပွဲ အခမ်းအနားကို အဆိုပါ စေတီတော်ရင်ပြင်တော် စနေထောင့်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
ထိုသို့ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။
၎င်းအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဝမ်းမြောက်စကားပြောကြား၍ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးအောင်ကိုဇော်က လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
ထိုနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်း၊ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဂေါပကအဖွဲ့ဝင် ဦးအောင်ကိုဇော်နှင့် ဦးအောင်မြတ်တို့က ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန် Pagoda Digital Directory ဖွင့်ပွဲအခမ်းအနား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန် Station ကို စက်ခလုတ်နှိပ်၍ စတင်ဖွင့်လှစ်ပေးကြပြီး ဘုရားဖူးလမ်းညွှန်အား စမ်းသပ်အသုံးပြုကြကာ ဘုရားဖူးလမ်းညွှန်ရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦး ဆောင်မှုဖြင့် ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီမြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး ဒုတိယအကြိမ်မြောက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီမြတ်ကြီး နန်းဦးဘုရားကြီး တန်ဆောင်း၌ ကျင်းပခဲ့သည်။
ယင်းနောက်အလှူရှင်များက ရွှေစင်ရွှေပြားများ ကပ်လှူနိုင်ရေးအတွက်အလှူငွေများ ပေးအပ်လှူဒါန်းကြရာ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရေး ဦးစီးကော်မတီနာယက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ရေးဦးစီးကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြကြောင်း သိရသည်။
