မန္တလေး မြေငလျင်ကြီးကြီး ထိခို-က်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများအတွက် ဗဟိုဘဏ်မှ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် (၇၀၀) ဘီလီယံ ထုတ်ချေးပေးမည် ဖြစ်သည်ဟု သိရသည်။
ချေးငွေကို စက်တင်ဘာလ (၂)ရက်မှ စတင်၍ သက်ဆိုင်ရာဘဏ်များနှင့် ဘဏ်မဟုတ်သော ငွေကြေးအဖွဲ့အစည်းများတွင် အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေလျှောက်ထားနိုင်မည်လည်း ဖြစ်သည်။
ချေးငွေသက်တမ်း (၃)နှစ်မှ (၅) နှစ်အထိ သတ်မှတ်ထားသည့် ချေးငွေ ဘီလီယံ (၇၀၀) ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ် ဘီလီယံ (၅၀၀) နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဈေးကွက်တည်ငြိမ်ရေးရန်ပုံငွေမှ ကျပ် ဘီလီယံ (၂၀၀) ထည့်ဝင်ထားခြင်း ဖြစ်သ ည်။
အဆိုပါ ချေးငွေကို ဦးစားပေးကဏ္ဍများအနေဖြင့် ကုန်သွယ်ရေး၊ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ် ငန်းများ၊ ပုဂ္ဂလိကဆေးရုံများနှင့် ပုဂ္ဂလိက စာသင်ကျောင်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူများ၏ ပျ-က်စီးသွားသော လူနေအိမ်များအား ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ် ငန်းများသို့ သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများ အမြန်ဆုံးထုတ်ချေးသွားမည်လည်း ဖြစ်သည်။
ချေးငွေအစီအစဉ်တွင် ပါဝင်ဆောင်ရွက်မည့် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအဖြစ် AYA Bank PCL ၊ UAB Bank PCL ၊ CB Bank PCL ၊ ဧရာဝတီတောင်သူ လယ်သမားများဖွံ့ဖြိုးရေးဘဏ်၊ ရိုးမဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ Best Merchant Finance Co., Ltd နှင့် Zega Finance Co., Lt d တို့မှ ချေးငွေအစီအစဉ်တွင် ပါဝင်ဆောင်ရွက်လိုကြောင်း တင်ပြလျှောက်ထားလာခြင်းအပေါ် ချေးငွေဆိုင်ရာစံပြုလုပ်ငန်းစဉ် (SOP) ပါ စံသတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြန်လည်ထူထောင်ရေးချေးငွေထုတ်ယူလိုသူများအနေဖြင့် သက်ဆိုင်ရာဘဏ်များနှင့် ဘဏ်မဟုတ်သော ငွေကြေးအဖွဲ့အစည်းများတွင် စက်တင်ဘာ ၂ ရက်မှစတင်၍ ချေးငွေလျှောက်ထားနိုင်သည်ဟု ဖော်ပြခဲ့သည်။
