ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ ရွှေကူမြို့သို့ ခိုလှုံရန်ရောက်ရှိလာသူ ဒေသခံစစ်ရှောင် (၁၅၀၀) ဦးရှိနေပြီး ၎င်းတို့၏ စားဝတ်နေရေးအတွက် အကူအညီများ လိုအပ်လျက်ရှိနေသည်ဟု ဒေသခံစစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသည့်အဖွဲ့ထံမှ သိရသည်။
လက်ရှိတွင် စစ်ရှောင်များကို ရွှေကူမြို့ရှိ ဘုန်ကြီးကျောင်းများတွင် နေရာချထားပေးပြီး စားသောက်ရေးအတွက် ရွှေကူနာရေးကူညီမှုအသင်းကြီးက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ဆိုသည်။
“တိုက်ပွဲက ပိုပြင်းထန်လာတဲ့အတွက် ဗန်းမော်ကလူတွေ ရွှေကူကို အားလုံးပြောင်းလာနေကြပြီ။ လူဦးရေများလာတော့ စားသောက်ရေးအတွက် အခက်အခဲရှိတာပေါ့။ ရွှေကူကနေ မန္တလေးကို လာချင်တဲ့ စစ်ရှောင်တွေသွားခေါ်တဲ့အခါ လိုအပ်တဲ့ စားသောက်ရေးအတွက် ဒီကနေ သယ်သွားပေးရတာပေါ့။ လိုအပ်ချက်တွေကတော့ များပါတယ်”ဟု ဆိုသည်။
ရွှေကူမြို့တွင် ခိုလှုံနေကြသည့် ဗန်းမော်စစ်ရှောင် (၁၅၀၀) ဦးအနက် (၁၀၀)ဦးကျော်မှာလည်း မန္တလေးသို့ ထပ်မံပြောင်းရွှေ့နေထိုင်လိုခြင်းကြောင့် ဇန်နဝါရီ (၃၀) ရက်နေ့တွင် ပထမအသုတ် ဂရုဏာခရီးစဉ်အဖြစ် ပို့ဆောင်ပေးရန်ရှိပြီး၊ ဒုတိယအသုတ်အား ဖော်ဖော်ဝါရီ (၅) ရက်တွင် ထပ်မံပို့ဆောင်ပေးရန် စီစဉ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ (၄) ရက်မှစတင်ဖြစ်ပွားခဲ့သော ဗန်းမော်မြို့တိုက်ပွဲမှာ ပိုမိုပြင်းထန်လာသည့် အတွက် လက်ရှိတွင် မြို့တွင်းကျန်ရှိသူဒေသခံများ ရွှေကူမြို့သို့ ထွက်ပြေးတိမ်းရှောင်လာခြင်းများ ရှိလာနေကြောင်း သိရသည်။
တိုက်ပွဲများဖြစ်ပွားနေသည့် ဗန်းမော်မြို့သည် ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်ပြီး တိုက်ပွဲများကြောင့် ဒေသခံပြည်သူသောင်းနှင့်ချီ၍ ဘေးလွတ်ရာမြို့များသို့ တိမ်းရှောင်နေကြရသည်။