ဗန်းမော်ဒေသခံ စစ်ရှောင် (၃၁) ဦး ယမန်နေ့ ဖေဖော်ဝါရီ (၁) ရက် ညနေပိုင်းအချိန်တွင် မန္တလေးသို့ ထပ်မံရောက်ရှိခဲ့ကြောင်း ဒေသခံစစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးသည့်အဖွဲ့ထံမှ သိရသည်။
အဆိုပါ ဗန်းမော်ဒေသခံ စစ်ရှောင်များကို ရွှေကူမြို့မှတဆင့် သွားရောက်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လမ်းခရီးတွင် (၂) ရက်ကြာမြင့်ခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့မှတဆင့် ရွှေကူမြို့သို့ လာရောက် ခိုလှုံနေကြသည့် ဗန်းမော်စစ်ရှောင် (၁၅,၀၀) ဦးအနက် (၁၀၀) ဦးကျော်မှာ မန္တလေးသို့ ပြောင်းရွှေ့နေထိုင်လိုခြင်းကြောင့် ပထမအသုတ်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကာ ဒုတိယအသုတ်အား ဖော်ဖော်ဝါရီ (၅) ရက်တွင် ထပ်မံပို့ဆောင်ပေးသွားရန်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ (၄) ရက်က စတင်ဖြစ်ပွားခဲ့သော ဗန်းမော်မြို့တိုက်ပွဲမှာ ပိုမိုပြင်းထန်လာသည့်အတွက် လက်ရှိတွင် မြို့တွင်းကျန်ရှိသူဒေသခံများ ရွှေကူမြို့သို့ ထွက်ပြေးတိမ်းရှောင်လာခြင်း များပြားလာနေကြောင်း သိရသည်။
တိုက်ပွဲများဖြစ်ပွားနေသည့် ဗန်းမော်မြို့သည် ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်ပြီး တိုက်ပွဲများကြောင့် ဒေသခံ သောင်းနှင့်ချီ၍ ဘေးလွတ်ရာမြို့များသို့ နီးစပ်ရာ မြို့ရွာများသို့ တိမ်းရှောင်နေကြရသည်။