ကချင်ပြည်နယ် ၊ ဗန်းမော်မြို့မှ စစ်ရှောင် အိမ်ထောင်စု (၄၀၀) ကျော်အတွက် စုရပ်သုံးရပ်ခွဲကာ ထောက်ပံ့ကူညီမှုများပြုလုပ်သွားမည်ဖြစ်သည်ဟု မြေပြင်ကူညီဆောင်ရွက်ပေးနေသည့် သတင်းရင်းမြစ်များထံက သိရသည်။
ဗန်းမော်စစ်ရှောင်ပြည်သူများအတွက် စုရပ်နေရာ သုံးခုသတ်မှတ်ထားရာ ပြင်ဦးလွင်မြို့ စစ်ရှောင်များအနေဖြင့် ရွှေစည်းခုံကျောင်းတိုက်ဓမ္မာရုံတွင်လည်းကောင်း၊ အနီးစခန်း စစ်ရှောင်များအတွက် စုရပ်ကို ဆေကိန္ဒာရာမကျောင်း တိုက် ဓမ္မာရုံတွင်လည်းကောင်း ၊ ပြင်စာစစ်ရှောင်များအတွက် စုရပ်ကို ပြင်စာရွာဦးကျောင်းဓမ္မာရုံတွင်လည်းကောင်းထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့ ဧရိယာတဝိုက်ရောက်ရှိနေသည့် ဗန်းမော်စစ်ရှောင်အရေအတွက်မှာ အိမ်ထောင်စုမှာ (၁၇၅)စု၊ အနီးစခန်းစုရပ် အနီးစခန်း၊ အောင်ချမ်းသာ၊ ဒိုးကွင်းရောက် ဗန်းမော်စစ်ရှောင် အိမ်ထောင်စုမှာ(၁၀၀)စုနှင့် ပြင်စာစုရပ်တွင် ပြင်စာ၊ လက်ပံကုန်း၊ သုံးတောင်၊ ဇီးပင်ကြီး၊ ကျောက်ဖျာဒိုးနှင့် (၂၂)မိုင်ရောက် ဗန်းမော်စစ်ရှောင်အိမ်ထောင်စု (၁၄၃) စုရှိကြောင်း သိရသည်။
အဆိုပါ စစ်ရှောင်အိမ်ထောင်စုများကို စုရပ်အလိုက်စုဝေးစေကာ အောက်တို့ဘာ (၁၁)ရက်နှင့် (၁၂)ရက်တို့တွင် ထောက်ပံ့မှုများပေးအပ်နိုင်ရန် စီစဉ်ထားရှိကြောင်း ဆိုသည်။
ထို့ကြောင့် ပြင်ဦးလွင် တဝိုက်ရောက်နေကြသည့် ဗန်းမော်စစ်ရှောင်များအနေဖြင့် မိမိတို့အတွက် စုရပ်နေရာများကို ကြိုတင်စုံစမ်းအတည်ပြုခြင်း၊ အိမ်ထောင်စုဇယား မိတ္တူဆွဲထားခြင်းနှင့် အိမ်ထောင်စုဇယားမရှိလျှင် မှတ်ပုံတင်မိ တ္တူဆွဲခြင်း၊ နီးစပ်ရာနေရပ်တူ စစ်ရှောင်အချင်းချင်း မိတ်ဆွေဖွဲ့အုပ်စုဖွဲ့ထားခြင်းများ ကြိုတင်ဆောင်ရွက်ထားကြရန် တိုက်တွန်းထားသည်။
ပုံစာ-ဗန်းမော်စစ်ရှောင်များ အထောက်အပံ့ရယူမည့် စုရပ်နေရာများ
