လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအပါအဝင် ငြိမ်းချမ်းရေး ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ (NSPNC)နှင့် NCA လက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင် (၅) ဖွဲ့တို့ဆွေးနွေးခဲ့ကြသည်။
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော ALP , DKBA , KNU/KNLA- PC , LDU , PNLO တို့မှ ကိုယ်စားလှယ်များနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် NSPNC တို့ ယနေ့ သြဂုတ် (၂၉) ရက် နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဦးဆောင်နာယကဖြားတန်ခွန်ဥက္ကာတို့က နှုတ်ခွန်း ဆက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် NSPNC နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေး နွေးမှု ပူးတွဲကော်မတီ(UPDJC)၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ သဘောတူညီခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်တွင် ပြင်ဆင်လိုသည့်ပုဒ်မများ၊လေ့လာဆန်းစစ်ဖော်ထုတ်ပြုစုရေး အဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၏ ပြဋ္ဌာန်းချက်များ (ပုဒ်မများ) အနက်မှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ်ယူဆရသည့်ပုဒ်မများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကိုလည်း NSPNC နှင့် တိုင်းရင်းသားလက်နက်ကိုင် (၅) ဖွဲ့တို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မနက်ဖြန် ဩဂုတ်လ (၃၀) ရက်တွင်လည်း NSPNC နှင့် အပစ်ရပ်အဖွဲ့ (၅) တို့၏ ဒုတိယနေ့ တွေ့ဆုံမှုအစီအစဉ်များ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နစက ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။