ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ဖြူးချောင်းရေလှောင်တမံ၏ ရေအားလျှပ်စစ်စက်ရုံမှ မဟာဓာတ်အားလိုင်းသို့ တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား(၄၀)မဂ္ဂါဝပ်ကို ထုတ်လုပ်ပို့လွှတ်လျက်ရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနထံမှ သိရသည်။
” ဖြူးချောင်းရေလှောင်တမံရဲ့ တူးမြောင်းမကြီးနှစ်ခုကနေ (၂၀)မဂ္ဂါဝပ် စက်နှစ်လုံးနဲ့ နေ့စဉ်လျှပ်စစ်ဓာတ်အား(၄၀)မဂ္ဂါဝပ်ထုတ်လုပ်ပြီး မဟာဓာတ်အားလိုင်းထဲပို့လွှတ်ပေးပါတယ်။ ဒီဇင်ဘာလကုန်တာနဲ့ လက်ဝဲ၊ လက်ယာမြောင်းတွေကနေ ဖြူးမြို့က နွေစပါးစိုက်ခင်းတွေအတွက်ရေပို့လွှတ်သွားမှာပါ”ဟု ဖြူးချောင်းရေလှောင်တမံ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖြူးချောင်းရေလှောင်တမံသည် ကျောက်ဖြည့်တမံဖြစ်ပြီး အမြင့်(၂၄၅)ပေ၊ အရှည်(၁,၀၂၀)ပေရှိပြီး ကန်ရေပြည့်ရေလှောင်ပမာဏသည် (၆၃၂,၅၃၀)ဧကပေရှိကာ လက်ရှိရေလှောင်တမံ၌ ကန်ရေပြည့်ရေလှောင်ပမာဏသို့ရောက်ရှိနေသဖြင့် ရေကင်းအဖွဲ့များဖြင့် အချိန်ပြည့်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
