တောင်တရုတ်ပင်လယ်ပြင်၊ ၎င်းနှင့်တစ်ဆက်တည်းရှိသော အရှေ့ဗီယက်နမ်ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေသည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)၏ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်ထုတ်ပြန်ချက်အရ သိရသည်။
ယင်း လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၇ ရက်အတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ တနင်္သာရီတိုင်းတွင်နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ထို့ပြင် ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၅ ရက်အတွင်း မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် အရှေ့ဘက်မှ တစ်နာရီလျင် မိုင်(၃၀)မှ (၃၅)မိုင်ခန့်အထိရှိသော မိုးသက်လေပြင်းများ တိုက်ခတ်ပြီး လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ကြောင်း သိရသည်။
ထို့ကြောင့် ယင်း ရက်များအတွင်း တနင်္သာရီတိုင်းနှင့် မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နေထိုင်သူများ၊ ယင်း ဒေသများ၌ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူများ၊ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ပြည်တွင်းရေကြောင်းသွားလာရေးများအနေဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန် မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)ထံမှ သိရသည်။