လက်ဝှေ့ကြိုးဝိုင်းအတွင်း ဆယ်စုနှစ်များစွာ ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ခဲ့သည့် ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီပက်ကွီအိုသည် ယခုအခါ ဆင်းရဲမွဲတေမှုဟူသည့် ပြိုင်ဘက်ကို တိုက်ဖျက်ရန် အစိုးရ၏ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအေဂျင်စီကို ဦးဆောင်ရတော့မည်ဖြစ်သည်။
အသက် ၄၇ နှစ်အရွယ် အထက်လွှတ်တော်အမတ်ဟောင်း ပက်ကွီအိုကို သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက နိုင်ငံတော်ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးကော်မရှင် (NAPC) အကြီးအကဲအဖြစ် ခန့်အပ်ခဲ့ပြီး စက်တင်ဘာ ၈ ရက်တွင် တာဝန်စတင်ထမ်းဆောင်ခဲ့သည်။ ယင်းသည် ၎င်း၏ နိုင်ငံရေးဘဝအတွင်း ပထမဆုံး အစိုးရအဖွဲ့ရာထူးလည်းဖြစ်သည်။
ပက်ကွီအိုသည် NAPC အကြီးအကဲအဖြစ် အစိုးရ၏ ဆင်းရဲမွဲတေမှုလျှော့ချရေးလုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဆင်းရဲနွမ်းပါးသည့်ဘဝကို ကိုယ်တိုင်ဖြတ်သန်းခဲ့ရသဖြင့် ယင်းအခက်အခဲများကို ကောင်းစွာနားလည်ကြောင်း ပြောကြားသည်။
“ကျွန်တော် ဆင်းရဲတဲ့ဘဝကနေ လာသူပါ။ လမ်းတွေပေါ်မှာ ကတ်ထူပြားပေါ် အိပ်ခဲ့ရတယ်။ ရေပဲသောက်ရပြီး စားစရာမရှိတဲ့အချိန်တွေရှိခဲ့သလို မိသားစုကို ထောက်ပံ့ဖို့ အကြွေစေ့တွေ စုဆောင်းခဲ့ရပါတယ်” ဟု ပက်ကွီအိုက ပြောကြားသည်။
ဆင်းရဲသည့်မိသားစုမှ မွေးဖွားလာသည့် ပက်ကွီအိုသည် ငယ်စဉ်က လမ်းဘေးလက်ဝှေ့ပွဲများတွင် ပါဝင်ထိုးသတ်ခဲ့ရာမှ ကမ္ဘာကျော်လက်ဝှေ့သမားတစ်ဦး ဖြစ်လာခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သည်။ ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။
မားကို့စ်အစိုးရသည် ၂၀၂၈ ခုနှစ်တွင် နိုင်ငံ၏ဆင်းရဲမွဲတေမှုနှုန်းကို ၈ မှ ၉ ရာခိုင်နှုန်းအထိ လျှော့ချရန် ရည်မှန်းထားသည်။ အစိုးရအချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် ဆင်းရဲမွဲတေမှုနှုန်း ၉ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး ဖိလစ်ပိုင်နိုင်ငံသား ၁၁ ဒသမ ၀၈ သန်းခန့် ဆင်းရဲမွဲတေမှုမျဉ်းအောက်တွင် နေထိုင်လျက်ရှိကြောင်း သိရသည်။
Ref: Reuters
