ရုရှားသမ္မတ ပူတင်သည် ဩဂုတ်လနှောင်းပိုင်းတွင် တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘတ် မြို့၌ ကျင်းပမည့် ဘရစ် (BRICS) ထိပ်သီး မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်မည် မဟုတ်ကြောင်း တောင်အာဖရိက သမ္မတက ဇူလိုင်လ ၁၉ ရက် ဗုဒ္ဓဟူးနေ့တွင် အတည်ပြုလာခဲ့သည်။
သမ္မတ ဆီရယ် ရာမာဖိုဆာ၏ ရုံးက ပူတင်သည် နှစ်ဦးနှစ်ဖက် သဘောတူညီမှုအရ အစည်းအဝေးပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း၊ သူ့အစား နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာရော့ဗ်က တက်ရောက်သွားမည်ဖြစ်ကြောင်း ပြောလာခဲ့သည်။ ရုရှားမီဒီယာများကမူ ပူတင်သည် အစည်းအဝေးအား ဗီဒီယိုကောမှ တစ်ဆင့် ပါဝင်သွားမည်ဟု ဖော်ပြထားသည်။
နိုင်ငံတကာ ရာဇဝတ် ခုရုံး (ICC) သည် ပူတင်နှင့် ရုရှား အရာရှိ မာရီယာ လဗိုဗာ ဘဲလိုဗာတို့ကို ယူကရိန်းမှ ကလေးငယ်များအား ရုရှားသို့ ပြန်ပေးဆွဲမှုဖြင့် မတ်လမှစ၍ ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။ တောင်အာဖရိကသည် ICC အဖွဲ့ဝင် ဖြစ်သဖြင့် ပူတင်သာ လာရောက်ပါက ဖမ်းဆီးရန် တာဝန်ရှိနေသည်။ ထို့ကြောင့် ပူတင်အတွက်ရော တောင်အာဖရိကအတွက်ပါ အဆင်ပြေစေရန် နှစ်ဖက်သဘောတူညီမှုဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ချခဲ့ပုံရသည်။
ဘရစ်အုပ်စု၏ အခြားအဖွဲ့ဝင်များဖြစ်သော ဘရာဇီး၊ အိန္ဒိယနှင့် တရုတ်နိုင်ငံမှ ခေါင်းဆောင်များကိုမူ လူကိုယ်တိုင် တက်ရောက်ရန် မျှော်လင့်ထားဆဲဖြစ်သည်။
Source: CNA