မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု အကဲခတ်များက ဆိုထားသည်။
ရုရှားအစိုးရပိုင် တာ့စ် သတင်းဌာန၏ အဆိုအရ ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေ ဘီလိုဆိုဗ် သည် ဧပြီလ ၂၆ ရက် နေ့က ပြုံယမ်းမြို့တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် “မကြုံစဖူး အဆင့်မြင့်မားသည့် အနေအထား” သို့ ရောက်ရှိနေကြောင်း ဘီလိုဆိုဗ် က ပြောကြားခဲ့သည်။
ထို့ပြင် (၅) နှစ်တာ စစ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အတွက် ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ဘီလိုဆိုဗ် က ပြောကြားခဲ့သည်ဟု တာ့စ် သတင်းဌာနက ဆိုသည်။ “ကျွန်တော်တို့ရဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ရေရှည်တည်တံ့ခိုင်မြဲတဲ့ အခြေခံအုတ်မြစ်ပေါ် တင်နိုင်ဖို့ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သဘောတူညီမှု ရရှိခဲ့ပါတယ်” ဟု မြောက်ကိုရီးယားကို ရည်ညွှန်း၍ ဘီလိုဆိုဗ် က ပြောကြားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ ၂၀၂၇-၂၀၃၁ ကာလအတွက် ရုရှား-ကိုရီးယား စစ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို ဒီနှစ်အတွင်း လက်မှတ်ရေးထိုးဖို့ အသင့်ရှိနေပါတယ်”ဟု သူက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားအစိုးရပိုင် ကိုရီးယားအလယ်ပိုင်းသတင်းဌာနကမူ အဆိုပါ (၅) နှစ်တာ အစီအစဉ်နှင့် ပတ်သက်သည့် ဆွေးနွေးမှုကို ဖော်ပြခဲ့ခြင်း မရှိဘဲ မြောက်ကိုရီးယားနှင့် ရုရှားအကြား နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေရန်နှင့် အဆင့်မြှင့်တင်ရန် “ကိစ္စရပ်များစွာ” ကို ကင်မ်နှင့် ဘီလိုဆိုဗ် တို့ ဆွေးနွေးခဲ့ကြကြောင်းသာ ဖော်ပြခဲ့သည်။
Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်