ဘင်းမ်စတက် (BIMSTEC) ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် တည်ထောင်ခြင်း (၂၉) နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က လက်ရှိမျိုးဆက်နှင့် နောင်လာမည့် မျိုးဆက်သစ်များအတွက် ပိုမိုကြံ့ခိုင်ပြီး တက်ကြွကာ ပြည်သူဗဟိုပြုသော ဘင်းမ်စတက်အသိုက်အဝန်းတစ်ရပ်ကို အတူတကွ တည်ဆောက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဇွန် ၆ ရက်တွင် ကျရောက်သည့် ဘင်းမ်စတက်အထိမ်းအမှတ်နေ့သည် ဒေသတွင်းရှိ ကြီးမားသည့် အလားအလာများနှင့် ယင်းအလားအလာများကို အကောင်အထည်ဖော်ရာတွင် ညီညွတ်မှု၏ အရေးပါပုံကို ပြန်လည်သတိပြုစေသည့် အခါသမယဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ထို့ပြင် ဘင်းမ်စတက်အဖွဲ့သည် (၂၉) နှစ်တာကာလအတွင်း အဖွဲ့အစည်းဆိုင်ရာ မူဘောင်များကို ပိုမိုခိုင်မာစေရန်နှင့် ဦးစားပေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့နိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
လာမည့် ၂၀၂၇ ခုနှစ်တွင် ဘင်းမ်စတက်အဖွဲ့ တည်ထောင်ခြင်း (၃၀) နှစ်ပြည့်မြောက်မည်ဖြစ်သဖြင့် ယခင်အောင်မြင်မှုများကို ပြန်လည်သုံးသပ်ကာ ပိုမိုမြင့်မားသည့် ရည်မှန်းချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက တိုက်တွန်းခဲ့သည်။
ထို့အတူ ဘင်းမ်စတက်အဖွဲ့အား ဒေသတွင်းပြည်သူများအတွက် လက်တွေ့ကျသော အကျိုးကျေးဇူးများ ဖော်ဆောင်ပေးနိုင်သည့် ပိုမိုထိရောက်သော၊ ရလဒ်အခြေပြုသောနှင့် တုံ့ပြန်မှုစွမ်းရည်မြင့်မားသော ဒေသဆိုင်ရာအဖွဲ့အစည်းတစ်ရပ်အဖြစ် ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အတူတကွ လက်တွဲဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။
ပုံစာ – ၂၀၂၅ ခုနှစ်တွင် ကျင်းပခဲ့သည့် ဆဌမ အကြိမ်မြောက် BIMSTEC ထိပ်သီး အစည်းအဝေး
အခမ်းအနားပုံရိပ်များ။
