ရန်ကုန်၊ စက်တင်ဘာ ၁၆
ပြည်ပပို့ကုန်အတွက် အကောင်အထည်ဖော်နေသည့် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone – REZ) စီမံကိန်းများ၏ စိုက်ပျိုးမှုနှင့် ရိတ်သိမ်းမှုအခြေအနေများကို ဂြိုဟ်တုနည်းပညာအသုံးပြု၍ စောင့်ကြည့်စိစစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထံမှ သိရသည်။
အဆိုပါအစီအစဉ်နှင့်ပတ်သက်၍ စက်တင်ဘာ ၁၂ ရက်က ကုန်သည်/စက်မှုအသင်းချုပ်၌ ပြုလုပ်သည့် REZ စီမံကိန်းမှ တောင်သူလယ်သမားခေါင်းဆောင်များ၊ ကုမ္ပဏီများ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် MRF တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲတွင် Satellite-Based Monitoring Service for Rice Export Zone (Project Consortium) အဖွဲ့က ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။
ဂြိုဟ်တုနည်းပညာဖြင့် စိုက်ပျိုးဧရိယာများ၏ စိုက်ပျိုးမှုအခြေအနေ၊ သီးနှံအပင်ဖြစ်ထွန်းမှုနှင့် ရိတ်သိမ်းမှုအခြေအနေတို့ကို စောင့်ကြည့်စိစစ်သွားမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် စိုက်ဧက တစ်သိန်းကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် MRF အသင်းဝင် ပြည်ပပို့ကုန်ကုမ္ပဏီများ ပူးပေါင်း၍ REZ စီမံကိန်းများကို နေပြည်တော်၊ ဧရာဝတီ၊ ပဲခူးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် စုစုပေါင်း စိုက်ဧက သုံးသိန်းကျော်အထိ အကောင်အထည်ဖော်လျက်ရှိသည်။
REZ စီမံကိန်းများကို တောင်သူလယ်သမားများ၏ စပါးအထွက်နှုန်းနှင့် ဝင်ငွေတိုးတက်စေရေး၊ ပြည်ပတင်ပို့မည့် ဆန်များ အရည်အသွေးကောင်းမွန်စေရေးနှင့် နှစ်စဉ်ဆန်တင်ပို့မှု စနစ်တကျ တိုးမြှင့်နိုင်ရေးတို့အတွက် အကောင်အထည်ဖော်နေခြင်းဖြစ်သည်။
ထို့ပြင် ပို့ကုန်အခြေပြု ဆန်စပါးကဏ္ဍတစ်ခုလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်လည်း REZ စီမံကိန်းများမှတစ်ဆင့် ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
