နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားခဲ့သည့် နိုင်ငံရေးပါတီများအနက် မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေးပါတီ(၆၁) ပါတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုး တို့ ယမန်နေ့ ဩဂုတ်(၂၆)ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဥပဒေနှင့်အညီ လျှောက်ထားသည့် နိုင်ငံရေးပါတီများအားလုံး စိစစ်ခွင့်ပြုပြီးဖြစ်၍ နိုင်ငံရေးပါတီအနေဖြင့် ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက်ပြည့်မီအောင်ဆောင်ရွက်ပြီး ကော်မရှင်သို့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၇)ရက် နောက်ဆုံးထားပြီး တင်ပြရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုး ကပြောကြားခဲ့သည်။
လက်ရှိတွင် ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီ(၉)ပါတီ ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုတွင်သာ စည်းရုံးမည့်ပါတီ (၅၂)ပါတီရှိကြောင်း သိရသည်။
နိုင်ငံရေးပါတီအနေဖြင့် ပါတီဝင်အင်အားစာရင်းများနှင့် ရုံးခန်းအရေအတွက်များကို ပြည့်စုံမှန်ကန်စေရေးအလေးထားဆောင်ရွက်ရမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းကို ဆောင်ရွက်ရာတွင်လည်းဥပဒေနှင့်အညီ သတ်မှတ်ထားသည့် မဲဆန္ဒနယ်အရေအတွက်၊ သတ်မှတ်ထားသည့် အရည်ချင်းများနှင့် ကိုက်ညီရန်လိုအပ်ကြောင်းလည်း ၎င်းကဆိုသည်။
ထို့ပြင် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရာတွင် ပညာအရည်ချင်းသတ်မှတ်ချက်ဖြစ်သည့် အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်ပြီးသူများဖြစ်ရမည့်အချက်ကို သတိမှုကြစေလိုကြောင်းလည်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ထည့်သွင်းပြောကြားသွာသည်။
လာမည့် ရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာ(၂၈)ရက်တွင်ကျင်းပမည်ဖြစ်ပြီး မြို့နယ် (၁၀၂) မြို့နယ်တွင် စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။
