ရွေးကောက်ပွဲ၌ ပြည်ထောင်စုတစ်ဝန်း ပြိုင်မည့်ပါတီများသည် မဲဆန္ဒနယ် (၈၃၃) နယ်အတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းသွင်းရမည်ဖြစ်ကာ မဲဆန္ဒနယ်အားလုံး၏ ထက်ဝက်တွင် ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က CNI သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားထားသည်။
ထက်ဝက်ဟုသည့် အဓိပ္ပာယ်အရ ပြည်ထောင်စုတစ်ဝန်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီအနေဖြင့် မဲဆန္ဒနယ် (၄၁၇) နယ် ဝင်မပြိုင်နိုင်လျှင် ပါတီဖျက်သိမ်းခံရမည်ဟု နားလည်ရသည်။
“လာမယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စုတစ်ဝန်းလုံး ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများသည် ရွေးကောက်ပွဲ အပိုင်း (၁)တွင် ထုတ်ပြန်ထားသည့် မြို့နယ် (၁၀၂) မြို့နယ်အတွက်သာ မဟုတ်ဘဲ ၂၀၂၅ ခုနှစ်၊ ဩဂုတ် (၁၈)ရက်စွဲနဲ့ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၈၃၃) နယ်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကို တင်သွင်းရမှာ ဖြစ်ပါတယ်” ဟု လည်း UEC က ဖြေကြားထားသည်။
ထိုနည်းတူ UEC က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂(က) (၁)အရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်သို့မဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ်အပါအဝင်) မဲဆန္ဒနယ်အားလုံး၏ ထက်ဝက်တွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဟုလည်း ဆိုသည်။
သတ်မှတ်ထားသည့်အတိုင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည် ပိုင်ခွင့်မရှိဘဲ ဖျ-က်သိမ်းခံရမှာ ဖြစ်သည်ဟုလည်း သိရသည်။
လက်ရှိ၌ ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်း မပြည့်မီသည့် ပြည်ထောင်စုတဝန်းလုံး မဲဆွယ်စည်းရုံးမည့် NDF, DNP ဟု အတိုကောက်အမည်ရှိ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးပါတီ (မွန်) ပါတီနှင့် ပြည်ထောင်စုလယ်သမား အလုပ်သမား အင်အားစုပါတီတို့ ဖျ-က်သိမ်းခံထားရသည်။
ထို့ကြောင့် ပြည်ထောင်စုတဝန်းလုံးစည်းရုံးမည့် ပါတီများသည် (၆) ပါတီသာ ကျန်ရှိတော့ပြီး နိုင်ငံရေးပါတီ (၅၁) ပါတီက တိုင်းနှင့်ပြည်နယ်အတွင်းသာ မဲဆွယ်စည်းရုံးမည်လည်း ဖြစ်သည်။
