မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ တောင်ပုလတောင်တော်တွင် ဒုတိယ အကြိမ်မြောက်အဖြစ် ဒူးရင်းသီး စတုဒိ သာပွဲတော်ကျင်းပကာ ဒူးရင်းသီး အလုံးရေ ၄၅၀၀ ဖြင့် ဒါနပြုဧည့်ခံမည်ဖြစ်ပြီး သစ်ပင်စိုက်ပွဲတော်ကိုပါ တစ်ပါတည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း တောင်ပုလသာသနာပြု ဆရာတော်ထံမှ သိရသည်။
အဆိုပါ ဒုတိယအကြိမ် ဒူးရင်းသီး စတုဒိသာပွဲတော်ကို လာမည့် မေ (၂၅) ရက်၊ နံနက် (၉) နာရီအချိန်မှ စတင် ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ဒူးရင်းသီး စတုဒိသာပွဲတော်တွင် ဒူးရင်းသီး အလုံးရေ ၃၀၀၀ မှ ၄၅၀၀ အထိ ကုသိုလ်ပြုကျွေးမွေးမည့်အပြင် ဘုရားဖူးများအားလုံးကို စတုဒိသာ ထမင်း၊ ဟင်းများကိုလည်း ဒါနပြုဧည့်ခံမည်ဖြစ်ကြောင်း သိရသည်။
ဒူးရင်းသီး စတုဒိသာပွဲတော်နေ့၌ နံနက်ပိုင်း တောင်အတက် မော်တော်ယာဉ်နှင့် စီးနင်းလိုက်ပါလာကြသည့် ဘုရားဖူး (၁) ဦးလျင် ကူပွန်လက်မှတ် (၁)စောင်စီ အခမဲ့ ဝေငှပေးမည်ဖြစ်ရာ တောင်ပုလတောင်ပေါ်တွင် နေရာ (၁၀)ခုခွဲ၍ အဆိုပါ လက်မှတ်နှင့်အတူ ဒူးရင်းသီးကို ထုတ်ယူရမည်ဖြစ်သည်။
ပွဲတော်တွင် ဖျော်ဖြေရေးအစီအစဉ်အဖြစ် မေ (၂၄)ရက် ညပိုင်းနှင့် မေ (၂၅) ရက် နံနက်ပိုင်းတွင် နိုင်ငံကျော် တေးသံရှင် အနုပညာရှင်များဖြစ်သည့် ဇွဲနိုင်ဝင်း၊ ဖြိုးမြတ်အောင်၊ ဘိုထွဋ်၊ မင်းသူရ၊ ဝင်းစည်သူ၊ အိအိချွန်၊ မေလသံစဉ်၊ ခင်ညွှန့်ညွှန့်သန်း၊ ဇူဇူးစံ၊ သီသီမာတို့နှင့် မေ (၂၆)ရက်တွင် မင်း သား စွမ်းဇာနည်တို့က သီဆိုဖျော်ဖြေပေးမည်ဖြစ်ကြောင်း သိရသည်။
ပထမအကြိမ် ဒူးရင်းသီးပွဲတော်တွင် ဒူးရင်းသီး စတုဒီသာအလှူသာ ပါဝင်ခဲ့သော်လည်း ယခု ကျင်းပမည့် ဒုတိယအ ကြိမ်မြောက်တွင် သစ်ပင်စိုက်ပွဲတော်ကိုပါ ထည့်သွင်းထားကြောင်း တောင်ပုလဆရာတော် အရှင်ပညာဘောဂက လူမှုကွန်ရက်မှတဆင့် မိန့်ကြားထားသည်။
အဆိုပါ တောင်ပုလတောင်တော်ကို ပြင်ဦးလွင်မြို့၏ ပုပ္ပားတောင်ကလပ်အဖြစ် လူသိများလာပြီး တောင်ထိပ်၌ ရန်အောင်မြင် ကပ်ကျော်သစ္စာရှင် ဆုတောင်းပြည့်စေတီတော်ကြီး တည်ထားခြင်းဖြစ်သည်။


