ပဲခူးတိုင်း၊ပဲခူးမြို့ရှိ စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးအား မတ် ၅ ရက်(တပေါင်းလပြည့်နေ့)၌ ဘုံ ၉ ဆင့် ထီးတော်အသစ်တင်လှူပူဇော်သွားမည်ဖြစ်သည်။
စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးအား ဘုရင့်နောင်မင်းတရားကြီးမှတည်ထားခဲ့ခြင်းဖြစ်ကာ ဥာဏ်တော် ၃၃၃ ပေ၊အရံစေတီ ၆၀ ဆူ၊ လုံး ပတ်တော်အဝန်း ပေ ၁၅၀၀ ရှိပြီး သီဟိုဠ်ဘုရင်ဆက်သခဲ့သည့် ဗုဒ္ဓမြတ်စွယ်တော်များ၊မြသပိတ်တော်၊ဓာတ်တော်ပေါင်း ၆၃၃၈၀ ဆူ၊သုတ်၊ဝိနည်း၊အဘိဓမ္မာ ရေးထိုးထားသည့် ရွှေပုရပိုက်များ၊ရွှေ ပေငွေပေ တို့အပေါ်တွင်ရေးသားထားသည့် ပိဋကတ်တော်များဖြင့် ဌာပနာထားသည်။
ထိုင်းဘုရင်မိသားစုများ၊ထိုင်းလူမျိုးများ အရောက်လာဖူးလေ့ရှိသည့် စေတီတော်ကြီးလည်းဖြစ်သည်။ဘုရားဝင်ဝင်ချင်းညာဖက်ရှိအောင်မြေကိုလာနင်းလေ့ရှိကြသည်။ပါးစပ်ရာဇဝင်အရ ကမ္ဘောဒီးယားသုံ့ပန်းများလည်း ဘုရားတည်ရာတွင် လုပ်အားပါဝင်ခဲ့သည်ဟုတဆင့်စကားပြောသူများလည်းရှိသည်။
ထီးတော်အသစ်တင်လှူပူဇော်ခြင်းအား ပဲခူးတိုင်းအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အလှူရှင် CB Bank ဥက္ကဋ္ဌဦးခင်မောင်အေးမှတင်လှူပူဇော်ခြင်းဖြစ်ကာ ထီးတော်အသစ်သည် ဥာဏ်တော် ၃၇ ပေ၊အချင်း ၁၅ ပေနှင့် ဘုံ ၉ ဆင့်ရှိကြောင်း သိရသည်။
ထို့ပြင် စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး ၏ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တို့အား ဧပြီ ၄ ရက်တွင် တင်လှူပူဇော်သွားမည်ဖြစ်ပြီး ဧပြီ ၁၁ ရက်၌ သံဃာတော်အပါး ၁၀၀၀ မှအနေကဇာတင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဧပြီ ၁၁ ရက်နေ့၌ပင် ကြွရောက်တော်မူလာကြသည့် သံဃာတော်များအား ဆွမ်းဆန်တော်များ လောင်းလှူသွားမည်ဖြစ်သည်။
