ပဲခူး၊ စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၆ ခု၊ မြို့နယ် ၂၆ မြို့နယ်ရှိ ကျေးရွာ ၂၇ ရွာမှ စုစုပေါင်းဧရိယာ ၄၅၃ ဒသမ ၁၀ ဧကအား မြို့မြေ/ကျေးရွာမြေ တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား နယ်နိမိတ်သတ်မှတ်ရေးအရာရှိနှင့် နယ်နိမိတ်ကြပ်မတ်ရေးအရာရှိအဖြစ် တာဝန်ပေးအပ်လိုက်ကြောင်း သိရသည်။
အဆိုပါ တာဝန်ပေးအပ်မှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၂၇၂/၂၀၂၆) ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းမှာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညှိနှိုင်းတင်ပြချက်၊ ပြည်ထဲရေးဝန်ကြီးဌာန၏ အတည်ပြုချက်နှင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စိစစ်တင်ပြချက်တို့အရ ဆောင်ရွက်ခြင်းဖြစ်သည်။
အမိန့်ကြော်ငြာစာအရ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးအား နယ်နိမိတ်သတ်မှတ်ရေးအရာရှိ (Boundary Officer) အဖြစ်လည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူးအား နယ်နိမိတ်ကြပ်မတ်ရေးအရာရှိ (Demarcation Officer) အဖြစ်လည်းကောင်း တာဝန်ပေးအပ်ထားသည်။
တိုင်းတာရေး ဆောင်ရွက်မည့် မြို့နယ်များတွင် ပဲခူး၊ သနပ်ပင်၊ ဝေါ၊တောင်ငူ၊ ရေတာရှည်၊ ဖြူး၊ အုတ်တွင်း၊ ထန်းတပင်၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဒိုက်ဦး၊ ရွှေကျင်၊ ပေါက်ခေါင်း၊ ပြည်၊ ပန်းတောင်း၊ ရွှေတောင်နှင့် သာယာဝတီ စသည့် မြို့နယ်များ ပါဝင်သည်။
အဆိုပါ မြို့နယ်များရှိ သတ်မှတ်ကျေးရွာများတွင် မြေယာနယ်နိမိတ်များ တိုင်းတာသတ်မှတ်ခြင်းနှင့် မြို့မြေ/ကျေးရွာမြေ တိုင်းတာရေးလုပ်ငန်းများကို သတ်မှတ်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
