ယနေ့ အောက်တိုဘာ (၂၀)ရက်တွင် ကျရောက်သည့် ဟိန္ဒူရိုးရာဒီပါဝလီပွဲတော်နေ့၌ နာမည်ကျော် ရန်ကုန်တိုင်း၊ကျောက်တန်းမြို့ရှိ ပီလခတ်ဘုရားကျောင်းတွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
“ပွဲနေ့ဖြစ်တော့ အရင်ရက်တွေထက် ဘုရားဖူးတွေ တော်တော်လာတယ်။ အဓိက ကတော့ ဆုတောင်းဖို့လာကြတာပေါ့။ ဟိန္ဒူဘာသာဝင်တွေတင် မဟုတ်ဘူး။ အခြားဘာသာဝင်တွေလည်းလာကြတယ်။ ထမင်းစားဆောင်ဆိုရင်အပြည့်ဘဲ”ဟု အဆိုပါ ပွဲတော်သို့ ရောက်ရှိခဲ့သူတစ်ဦးက ပြောပြ သည်။
ဒီဝါလီ(ခေါ်)ဒီပါဝလီပွဲတော်သည် ဟိန္ဒူဘာသာဝင်တို့၏ မီးထွန်းပွဲတော်တစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ဆောင်းဦးအချိန်တွင် ကျင်းပကြကြောင်း သိရသည်။
ဒီပါ၀လီပွဲတော်သည် ဟိန္ဒူဘာသာဝင်တို့၏ ပွဲတော်များထဲမှ အကျော်ကြားဆုံးတစ်ခုဖြစ်ကာ ပွဲတော်ကျင်းပသည့် ကာလတွင် ဘုရားကျောင်းများ၊ လူနေအိမ်များ၊ ဈေးဆိုင်များနှင့် အများပြည်သူနှင့်ဆိုင်သည့် အဆောက်အအုံများတွင် မီးများတို့ကို ထွန်းညှိပူဇော်ကြကြောင်း သိရသည်။
ဂရီဂိုးရီးယန်း ပြက္ခဒိန်အရ ပွဲတော်သည် အောက်တိုဘာလလယ်နှင့် နိုဝင်ဘာလလယ်တို့တွင် ကျင်းပလေ့ရှိကာ များသောအားဖြင့် သီတင်းကျွတ်လကွယ်နေ့တွင် ကျင်းပလေ့ရှိသည်။
