လွန်ခဲ့တဲ့ ၅နှစ်တာကာလမှာ ကျွန်တော်ဦးဆောင်တဲ့ ဗဟိုအမှုဆောင်အဖွဲ့ဟာ နိုင်ငံတော်ရဲ့လိုအပ်ချက်နဲ့အညီ ပါတီရေတို/ရေရှည်ရည်မှန်းချက်များရေးဆွဲရာ မြန်မာနိုင်ငံကြီးတည်ရှိနေသ၍ပါတီတည်ရှိရမယ်၊ အင်အားတောင့်တင်းပြီးကြီးကျယ်ခိုင်မာတဲ့ပါတီဖြစ်ရမယ်၊ ပြည်သူလူထုတစ်ရပ်လုံးက ယုံကြည်ကိုးစားမှုရှိပြီး မှတစ်ပါးအခြားမရှိအားကိုးထိုက်တဲ့ပါတီဖြစ်ရမယ်ဆိုပြီး ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။
ဒီနေ့မှာ ပါတီပြန်လည်ဖွဲ့စည်းခြင်းနဲ့အတူ ရွေးချယ်ခံကြမယ့်ခေါင်းဆောင်တွေဟာ ပါတီကိုအရှိန်အဟုန်နဲ့ဆက်လက်ဦးဆောင်သွားရမှာဖြစ်ပါတယ်။ ပါတီကြီးယိုင်နဲ့အားပျော့သွားစေမယ့်အချက်တိုင်းမလုပ်မိစေဖို့နဲ့ မိတ်ဆွေနိုင်ငံေရးပါတီများနဲ့လက်တွဲပြီး နိုင်ငံကောင်းကျိုးကိုဆောင်ရွက်ပေးဖို့ အလေးအနက်ထားပါတယ်။
ပါတီဝင်အားလုံးကရွေးချယ်ပေးလိုက်ကြမယ့် ခေါင်းဆောင်သစ်တွေရဲ့ပုခုံးပေါ်မှာကြီးမားတဲ့ ပါတီတာဝန်သစ်တွေကို တာဝန်ယူ တာဝန်ခံမှုနဲ့ ကြီးလေးတဲ့ နိုင်ငံရေးတာဝန်တွေကိုအင်တိုက်အားတိုက်ထမ်းဆောင်ကြမယ်လို့မှတ်ယူပါတယ်။ ပါတီမူဝါဒအတိုင်း ကိုယ်ပိုင်အကျိုးစီးပွားထက် ပါတီကိုဦးစားပေး ၊ ပါတီအကျိုးထက် တိုင်းပြည်ကိုဦးစားပေးဆိုတဲ့ မူကို အခြေခံပြီး အထူးကြိုးစားဆောင်ရွက်ရမှာဖြစ်ကြောင်း အကြံပြုမှာကြားလိုပါတယ်။
