အဆိုတော် ဇွဲပြည့်က သူ့ရဲ့ ဒုတိယ တစ်ကိုယ်တော် စီးရီးကို “ခိုလှုံရာ” လို့ အမည်ပေးထားပြီး ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ အတွင်းမှာ ထွက်ရှိလာမယ် လို့ သိရပါတယ်။ ၂ဝ၁၆ ခုနှစ် အတွင်းမှာလည်း ဇွဲပြည့်ရဲ့ သီချင်းတော် တော်များများက ပေါက်သီချင်း ဖြစ်ခဲ့တာကြောင့် ဇွဲပြည့် လိုချင်တဲ့ အောင်မြင်မှု တစ်ခုရပြီလား လို့မေးတော့..
“ကျွန်တော်ကတော့ ဆိုနေရရင် ကျေနပ်တဲ့လူပါ။ ကျွန်တော် ဆိုနေတာလေးကို ပရိသတ်က လက်ခံ အားပေးတာ ကိုက ကျွန်တော့် အတွက် ကံကောင်းခြင်း တစ်ပါးလို့ ပြောလို့ရပါ တယ်။ ကျွန်တော် ကတော့ ပရိသတ်တွေ ထားတဲ့နေရာမှာပဲ နေမှာပါ။ ပေးတာထက် လည်း ပိုမယူပါဘူး။ ပရိသတ်တွေ ပေးထားတဲ့ နေရာလေးကပဲ ထပ်ပြီး ကြိုးစားသွားမှာပါ” လို့ ဇွဲပြည့် က ပြောပါ တယ်။ ဇွဲပြည့်က သူ့ရဲ့ “ခိုလှုံရာ” ဆိုတဲ့ ဒုတိယစီးရီး မှာတော့ သီချင်းသစ်တွေ အပြင် သီချင်းအဟောင်း ၅ ပုဒ်ခန့်လည်း ပါဝင်မယ်လို့ သိရပါတယ်။
“ဒီတစ်ခေါက် စီးရီးမှာတော့ တေးရေးဆရာ အစုံ ပါမှာဖြစ်သလို သီချင်းဟောင်းတွေ နဲ့ သီချင်းသစ်တွေ မျှပြီး ထည့်ထားပါတယ်။ Audio အနေနဲ့က ၁ဝ ပုဒ်၊ ၁၂ ပုဒ်လောက်ဖြစ်မယ်။ အဲဒီမှာမှ MTV ၄၊ ၅ ပုဒ် လောက် ရိုက်ကူးပြီး ၂ ချပ်တွဲ ထွက်ရှိဖို့ရှိပါတယ်။ ဒီစီးရီးခွေ ကလည်း ကိုဂျွန်တို့ Star Music Production ကပဲ ထွက်မှာပါ။ ဒီစီရီးခွေမှာ ကျွန်တော် ကြိုက်တဲ့ သီချင်းမျိုးတွေ ပိုပါမယ်။ အေး တာလေးနဲ့ မြူးတာလေး တွေလည်း မျှမယ် ထင်ပါတယ်။ ဒီစီးရီး မှာတော့ လူငယ်ဆန်တဲ့ သီချင်းတွေ ပိုများလိမ့်မယ်။ ကျွန်တော်က များသောအားဖြင့် ဆိုတဲ့ သီချင်းတွေက အေးတာလေးတွေ များတယ်။ အခု ဒီစီးရီးမှာတော့ သီချင်းမြူးတာလေး တွေလည်း အတော် များများပါမှာပါ” လို့ ဇွဲပြည့်က ပြောပြပါတယ်။
ရဲရဲ