ပညာရေးဝန်ထမ်းများ ရာထူးတိုး၊ ပြောင်းရွှေ့ကိစ္စရပ်များကို တစ်နှစ်လျှင် မေလနှင့် အောက်တိုဘာလတို့တွင် နှစ်ကြိမ်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောသ ည်။
နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပညာရေးဆိုင်ရာမူဝါဒများသုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲကို အဆင့်မြင့်ပညာကဏ္ဍနှင့် ပတ်သက်သည့် မူဝါဒများကို နှစ်ရက်ကြာ သုံးသပ်အကြံပြုသွားမည်ဖြစ်ပြီး ပါမောက္ခချုပ်များက ဦးဆောင်၍ ထိန်းညှိပေးစေလိုကြောင်း၊ ယခုဆွေးနွေးပွဲမှ အားနည်းချက်များကို ဖော်ထုတ်ပြီး အားသာချက်ဖြစ်မည့် မူဝါဒများကို အတူတကွ အကောင်းဆုံးရေးဆွဲနိုင်ကြမည်ဟုယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ထို့ပြင် ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ်များသည် ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ပြီး အလုပ်ရုံဆွေးနွေးပွဲမှ အကောင်းဆုံးမူဝါဒများ ချမှတ်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောကြားခဲ့သည်။
ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဇော်ဦးက အဆင့်မြင့်ပညာကဏ္ဍအတွက် တက္ကသိုလ် ဆရာ/ဆရာမများ ရာထူးတိုးမြှင့်၊ ပြောင်းရွှေ့ခန့်ထားရေးဆိုင်ရာ မူဝါဒများနှင့်ပတ်သက်၍ လည်းကောင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ပညာရေးဆိုင်ရာမူဝါဒများ သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို စက်တင်ဘာ (၂၉) ရက်မှ (၃၀) ရက်အထိ (၂)ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။
