ကွမ်ကျိုး၊ စက်တင်ဘာ ၁၉
တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့တော်ဝန် မစ္စတာ စွန်းကျီယန်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးအပြင် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သွယ်မှုနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ဒုတိယသမ္မတ ဦးညိုစောသည် ယခုခရီးစဉ်အတွင်း တရုတ်နိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆက်တိုက်လေ့လာဆွေးနွေးခဲ့သည်။
စက်တင်ဘာ ၁၇ ရက် ညနေပိုင်းတွင် နန်နင်းမြို့ရှိ လိယွမ်နိုင်ငံတကာကွန်ဖရင့်စင်တာ၌ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး မစ္စတာ ဝေထောင်နှင့် တွေ့ဆုံကာ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ချင်းကျိုးမြို့ရှိ ကုန်တင်သင်္ဘောများ ဖြတ်သန်းသွားလာနိုင်ရန် ပင်လယ်မှ မြစ်သို့ တိုက်ရိုက်ဆက်သွယ်ထားသည့် ဖျင်လုတူးမြောင်း၏ မာတောက် (Madao) ဆုံမှတ်သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။
ယင်းသို့ ကြည့်ရှုစဉ် ချင်းကျိုးဒေသခံပါတီနှင့် တာဝန်ရှိသူများက ဖျင်လုတူးမြောင်းစီမံကိန်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ စီမံကိန်းမှ ရရှိမည့် အကျိုးကျေးဇူးများနှင့် တူးမြောင်းအတွင်း ဖြတ်သန်းသွားလာခွင့်ပြုနိုင်သည့် သင်္ဘောအမျိုးအစားနှင့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ချင်းကျိုးမြို့ရှိ ဉာဏ်ရည်တု (AI) နည်းပညာအသုံးပြု၍ အလိုအလျောက်စနစ်ဖြင့် လည်ပတ်နေသည့် ကွန်တိန်နာဆိပ်ကမ်းနှင့် ဆိပ်ခံတံတားများကို ကြည့်ရှုလေ့လာခဲ့သည်။
ထိုသို့ လေ့လာစဉ် ဒေသခံအာဏာပိုင်များနှင့် ဆိပ်ကမ်းတာဝန်ရှိသူများက ပြည်တွင်း၊ ပြည်ပသင်္ဘောများ ဝင်ရောက်ဆိုက်ကပ်မှု၊ AI နည်းပညာအသုံးချ၍ ကုန်တင်ကုန်ချဆောင်ရွက်မှု၊ ဒီဂျစ်တယ်နည်းပညာအသုံးပြုမှုနှင့် အဆင့်မြင့်နည်းပညာများဖြင့် ဒေသတွင်း သယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးချိတ်ဆက်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
