လာမည့်နှစ်မှစတင်ကာ ဗီယက်နမ်ပင်လယ်စာတင်ပို့မှု အချို့ကို အမေရိကန်ဈေးကွက်သို့ တင်ပို့ခွင့် တားမြစ်ပိတ်ပင်ခံရနိုင်ရသည့် ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားပေးရန် ဗီယက်နမ်က အမေရိကန်အစိုးရကို တောင်းဆိုလိုက်သည်။ ယင်းဆုံးဖြတ်ချက်သည် အမေရိက၏ အခွန်စည်းကြပ်မှုဒ-ဏ်ကိုခံနေရပြီဖြစ်သည့် ဗီယက်နမ်၏ စီးပွားရေးကဏ္ဍကို ထိခို-က်လာနိုင်ဖွယ်ရှိသည်။
ဗီယက်နမ်နိုင်ငံ၏ ငါးဖမ်းနည်းအချို့သည် အဏ္ဏဝါနို့တိုက်သတ္တဝါများအတွက် အန္တရာယ်ရှိနေသည်ဆိုသော အမေရိကန်နိုင်ငံတော် သမုဒ္ဒရာနှင့် လေထုဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့(NOAA) ၏ သြဂုတ်လအတွင်းက ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားပေးရန်အတွက် ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး ငုယင်ဟောင်ဒင်က အမေရိကန်ကူးသန်းရောင်းဝယ်ရေးကြီး ဟောင်းဝပ် လပ်တ်နစ်ထံ စာပေးပို့ တောင်းဆိုခဲ့သည်ဟု ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးပင်လယ်စာဈေးကွက်များထဲမှ တစ်ခုဖြစ်ပြီး တင်ပို့မှုသည် ယမန်နှစ်ကထက် ၆ ဒဿမ ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်း ပင်လယ်စာတင်ပို့မှု၏ ၁၇ ဒဿမ ၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း ဗီယက်နမ်အကောက်ခွန်အချက်အလက်များအရ သိရသည်။
အဏ္ဏဝါနို့တိုက်သတ္တဝါ ကာကွယ်ရေးအက်ဥပဒေအရ ဗီယက်နမ်ငါးဖမ်းနည်း ၁၂ မျိုးသည် အမေရိကန်စံနှုန်းများနှင့် မကိုက်ညီကြောင်းကို ပြီးခဲ့သည့်လတွင် NOAA က ဗီယက်နမ်စိုက်ပျိုးရေးဝန်ကြီးဌာနကို အသိပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
ငြင်းဆိုခံရသော နိုင်ငံများမှ ငါးလုပ်ငန်းများ၏ ငါးနှင့် ငါးထုတ်ကုန်များကို အမေရိကန်ပြည်ထောင်စုသို့ တင်ပို့မှုများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက် နေ့မှစတင်ကာ တားမြစ်ပိ-တ်ပင်လိုက်ကြောင်း NOAA က အစောပိုင်းတွင် ပြောကြားထားသည်။
အဆိုပါ တားမြစ်ချက်ကြောင့် တူနာငါး၊ ပြည်ကြီးငါး၊ ဂဏန်းအပါအဝင် ဗီယက်နမ်နိုင်ငံ၏ အဓိကပင်လယ်စာတင်ပို့မှုများကို ထိခို-က်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဆုံးဖြတ်ချက်ကို ပြန်ပြောင်းပေးခြင်းအားဖြင့် နှစ်နိုင်ငံကုန်သွယ်ရေးတွင် ဆိုးဝါးသော အနှောင့်အယှက်များကို ရှောင်ရှားနိုင်ပြီး ဗီယက်နမ် ငါးဖမ်းလုပ်သားများနှင့် အလုပ်သမားထောင်ပေါင်းများစွာ၏ အသက်မွေးဝမ်းကျောင်းကို အကာအကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ပေးပို့စာတွင် ဒင်က ပြောဆိုထားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
