ဖားကန့်မြို့နယ်တစ်ခုလုံး ဓာတ်အားပြ-တ်တေ-ာက်၍ လျှပ်စစ်မီးမရရှိခြင်းသည် နှစ်လကျော်ရှိခဲ့ပြီဖြစ်ကာ ယခုတွင် ဖားကန့်ဖီဒါဓာတ်အားလိုင်းအား ဓာတ်အားစတင်စမ်းသပ် ဖြန့်ဖြူးပေးသွားမည်ဟု သိရသည်။
တစ်မြို့နယ်လုံးဓာတ်အားရရှိရန်မှာမူ အခက်အခဲများစွာရှိနေသေးသည်ဟု ဖားကန့်လျှပ်စစ်ဌာနက ပြောသည်။
ယခု ဖားကန့်ဖီဒါ ဓာတ်အားလိုင်းအား ဓာတ်အားပေးနိုင်ရန်ပင် ၆၆ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် သစ်ပင်သစ်ကိုင်းခုတ်ထွင်ရှင်းလင်းခြင်း၊ မိုးရွာသွန်းမှုများ၍ သစ်ပင်များဓာတ်အားလိုင်းပေါ်လဲပြို၍ SHP Tension တိုင်ကျိုးကျနေမှုအား ပြန်လည်ပြုပြင်ခြင်း၊ အခြားဖြစ်စဉ်များကြောင့် ဓာတ်ကြိုးများပြ-တ်၍ ကြိုးဆက်ပြုပြင်ခြင်း အစရှိသည့် လုပ်ငန်းများအား (၂) လတိုင်ကြာ လုပ်ဆောင်ခဲ့ရသည်ဟု သိရသည်။
လက်ရှိ၌ ဓာတ်အားစစ်ဆေး၊ စမ်းသပ်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများအနေဖြင့် ယမန်နေ့ စက်တင်ဘာလ (၂၇)ရက် မှစ၍ ဖားကန့်ဖီဒါအား ဓာတ်အားစတင်ဖြန့်ဖြူးပေးသွားမည်ဖြစ်သော်လည်း ကျန်ဖီဒါများဖြစ်သော လုံးခင်းဖီဒါနှင့် ဆိပ်မူဖီဒါများအား ဓာတ်အားလွှတ်ရန်မှာ အသေးစိတ် အဆင့်ဆင့်မြေပြင်ကွင်းဆင်းစစ်ဆေးရဦးမည်ဟု သိရသည်။
သို့သော် ဖားကန့်ဖီဒါအား အလုံးစုံဓာတ်အားဖြန့်ဖြူးပြီးသည်နှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကာ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ဖားကန့်မြို့နယ်၊ ရပ်ကွက်/ကျေးရွာအသီးသီး၌ တပ်ဆင်တည်ဆောက်ထားသော ထရန်စဖော်မာများ / လျှပ်စစ်မီးကြိုးလိုင်းများအား အဆင့်ဆင့်စစ်ဆေးပြီးစီးမှသာ ဓာတ်လွှတ်ခြင်းလုပ်ငန်းအား ဆက်လက်ဆောင်ရွက်မည် ဖြစ်သဖြင့် မိမိတို့နေထိုင်ရာ ရပ်ကွက်/ကျေးရွာများအတွင်း လျှပ်စစ်နှင့်ပတ်သတ်၍ ပြုပြင်စရာများရှိပါက သက်ဆိုင်ရာ ရပ်မိရပ်ဖ ကျေးရွာတာဝန်ခံများဖြင့်ချိတ်ဆက်၍ ဖားကန့်လျှပ်စစ်ရုံးသို့ ဆက်သွယ်ပေးရန်လိုအပ်သည်ဟု ထုတ်ပြန်ထားသည်။
