နေပြည်တော်ပြည်ထောင်စု နယ်မြေအတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အို ဘိုးဘွားများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်အဖြစ် ဩဂုတ်လ ၂၉ ရက်နေ့မှသ၍ ပြန်လည်ထိုးနှံပေးလျက်ရှိကြောင်း နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နေပြည်တော်ရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အို ဘိုးဘွားများကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ ပထမအကြိမ်ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ပိုင်းမှစ၍ သက်ဆိုင်ရာစုရပ်များအလိုက် ပြန်လည်၍ စတင်တင်ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ နေပြည်တော်တွင် ယခုတစ်သုတ် ကာကွယ်ဆေး ခွဲတမ်းရရှိမှုအရ ကာကွယ်ဆေးထိုးနှံရမည့်သူဦးရေ ၃၈၀၀၀ ခန့်ရှိကြောင်း သိရသည်။
” ဒီနေ့မနက်ကနေ့ စပြီး ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးဖြစ်တဲ့ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုတွေကို သက်ဆိုင်ရာ မြို့နယ်တွေမှာရှိတဲ့ စုရပ်တွေအလိုက် ဒုတိယအကြိမ်ကာကွယ်ဆေးတွေ စပြီးထိုးနှံပေးနေတာပါ။ အဲ့ဒီမှာ ဝန်ထမ်းတွေလဲ ပါတယ်။ အခြားကာကွယ်ဆေးထိုးခွင့် ရရှိတဲ့သူတွေလဲ ပါပါတယ်” ဟု နေပြည်တော်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
နေပြည်တော်ပြည်ထောင်စု နယ်မြေအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး အမျိုးအစားနှစ်မျိုး ဆိုင်နိုဖတ်နှင့် ဆိုင်နိုဖန်းဟူ၍ ရရှိထားပြီး တစ်မျိုးဖြစ်သည့် ဆိုင်နိုဖတ်ကို အချုပ်သား များအတွက် ထိုးနှံပေးကာ ကျန်တစ်မျိုးဖြစ်သည့် ဆိုင်နိုဖန်းကို နေပြည်တော် အတွင်းရှိ အသက် ၆၅နှစ် အထက် သက်ကြီးရွယ်အိုများ၊ ဝန်ထမ်းများ အစရှိသူ လူဦးရေ ၃၈၀၀၀ ကျော်အတွက် ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ နောက်ထပ် ကာကွယ်ဆေးခွဲတမ်းများ ထပ်မံရရှိလာပါကလည်း ရရှိသည့် အတိုင်းအတာအလျောက် ကာကွယ်ဆေးထိုးနှံရမည့်သူများကို ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။