နီပေါနိုင်ငံ၊ ခတ္တမန္ဒုမြို့ရှိ Dasharath ကွင်းတွင် ဖေဖော်ဝါရီ (၁၇)ရက်မှ(၂၆) ရက်အထိ ကျင်းပမည့် လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ပြိုင်ပွဲ၌ ယှဉ်ပြိုင်မည့် အပြီးသတ် မြန်မာ့လက် ရွေးစင် အမျိုးသမီးကစားသမား (၂၃)ဦး၏ စာရင်းကို နည်းပြချုပ် ယုကီတက်ဆုရိုက ထုတ်ပြန်လိုက်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် အိမ်ရှင် နီပေါအသင်း၊ မြန်မာအသင်း၊ ကာဂျစ္စတန်အသင်း၊ လက်ဘနွန်အသင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး (၄)အုပ်စု ပတ်လည်စနစ်ဖြင့် ကစားသွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ (၁၇) ရက်တွင် လက်ဘနွန်၊ ဖေဖော်ဝါရီ (၂၀) ရက်တွင် ကာဂျစ္စတန်၊ ဖေဖော်ဝါရီ (၂၃) ရက်တွင် အိမ်ရှင် နီပေါအ သင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံးနှစ်သင်းသည် ဖေဖော်ဝါရီ (၂၆) ရက်တွင် နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သ ည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အုပ်ချုပ်/နည်းပြ (၁၀)ဦး၊ ကစား သမား(၂၃) ဦးပါဝင်ပြီး ဖေဖော်ဝါရီ (၁၄) နှင့် (၁၅) ရက်တွင် နှစ်သုတ်ခွဲ၍ ပြိုင်ပွဲကျင်းပရာ နီပေါနိုင်ငံ၊ ခတ္တမန္ဒုမြို့သို့ သွားရောက်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလလယ်ပိုင်းမှစတင်၍ စခန်းဝင်လေ့ကျင့်လျက်ပြီး ပြိုင်ပွဲအကြို ပြင်ဆင်မှုအနေဖြင့် နီပေါ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ၊ အာရှဖလား အမျိုးသမီး ခြေစစ်ပွဲနှင့် (၃၃) ကြိမ်မြောက် ထိုင်းဆီးဂိမ်းစ် ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း MFFက အသိပေးထုတ်ပြန်ထားသည်။