နိုင်ငံ၏ပညာရေးကဏ္ဍမြှင့်တင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပညာရေးအားနည်းမှုများကြောင့် အသိပညာအားနည်းမှုများဖြစ်ပေါ်လာရာမှတစ်ဆင့် နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်လာကာ မြန်မာနိုင်ငံ၏ ပညာရေးအားနည်း ချက်ကိုအသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးသမားများက ၎င်းတို့အကျိုးအတွက် သွေးထိုးလှုံ့ဆော်အသုံးချလုပ်ဆောင်ခဲ့သဖြင့် နိုင်ငံ၏ပညာရေးကဏ္ဍကိုမြှင့်တင်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နေစိတ်ထား (Mind Set)မြင့်မားလာအောင်ဆောင်ရွက်ရမည်ဟု ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍသည် လွတ်လပ် ရေးမရမှီနှင့် လွတ်လပ်ရေးရပြီးချိန်တို့၌ ပညာရေးအား နည်းချက်များရှိခဲ့၍ “အ”သုံးလုံးလှုပ်ရှားမှုများဆောင် ရွက်ခဲ့ရမှု၊ ကျောင်းပညာသင်ကြားရေးမှာ လူများစုပညာရေးဖြစ်ခဲ့သော်လည်းကောင်းမွန်ခဲ့မှု၊ နိုင်ငံတကာအဆင့်မီ ပညာရှင်များထွက်ပေါ်ခဲ့မှုတို့ကိုရှင်းလင်းပြောကြားခဲ့သည်။
ယခုအချိန်၌ သက်ဆိုင်ရာဘာသာရပ်များအလိုက် ပြည်ပနိုင်ငံများမှမဟုတ်ဘဲ ပြည်တွင်း၌ပင်အောင်မြင်သော ကျွမ်းကျင်ပါရဂူဘွဲ့ရရှိသူများစွာရှိမှု၊ ပြည်ပနိုင်ငံများ၌ ပညာတော်သင်သွားရောက်ပြီး D.Sc ဘွဲ့ရရှိသူ များလည်းရှိ၍ လူအများစုပညာရေးများတိုးတက်လာစေရန် ပညာရေးနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်မြှင့်တင်ပေးရန်လည်း ရှင်းလင်းပြောကြားသည်။
” မိမိတို့အနေနဲ့ နိုင်ငံတော်ဘဏ္ဍာငွေတွေကို ပညာရေးကဏ္ဍမှာပိုမိုတိုးမြှင့်ရင်းနှီးမြှုပ်နှံရပါမယ်။ ပညာရေးကဏ္ဍတိုးတက်ဖို့ ၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာငွေရဲ့ (၆ ဒသမ ၉၂)ရာခိုင်နှုန်း၊ တခြားဝန်ကြီးဌာနတွေက ပညာရေးကဏ္ဍတွေပါဝင်ရင် နိုင်ငံတော်ဘဏ္ဍာငွေက (၉ ဒသမ ၂၂)ရာခိုင်နှုန်းကိုအသုံးပြုသွားမှာပါ။ လာမယ့် ဘဏ္ဍာ ရေးနှစ်မှာလည်း ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘ ဏ္ဍာငွေရဲ့ (၁၀)ရာခိုင်နှုန်းထက်မနည်းတိုးမြှင့်အသုံးပြုသွားမှာပါ။ လာမည့်တစ်နှစ်ကျော်မှာ နိုင်ငံတော်ဘဏ္ဍာငွေရဲ့ (၁၅)ရာခိုင်နှုန်းအထိတိုးမြှင့်မယ်။ မိမိတို့အစိုးရ အဖွဲ့တာဝန်ယူဆောင်ရွက်တဲ့ ငါးနှစ်တာကာလအတွင်းမှာ (၂၀)ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက်သွားပါမယ်” ဟု နိုင်ငံတော်သမ္မတက ပြောသည်။
ထို့ကြောင့် ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံတော်၏အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်း နှီးမြှုပ်နှံခြင်း၊ နိုင်ငံအတွက် တန်ဖိုးအရှိဆုံးသော ရင်း နှီးမြှုပ်နှံခြင်းပင်ဖြစ်၍ ပညာရေးကဏ္ဍမြှင့်တင်ရန် တိုင်းနှင့် ပြည်နယ်များအလိုက် ကျောင်းနေရာခိုင်နှုန်းများမြင့်တက်လာစေရေး၊ တန်းစဉ်ကူးပြောင်းမှုများ လျော့နည်းမှုမရှိစေရေးဆောင်ရွက်ရန်လိုကာ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက”ဆိုသည့်အ တိုင်းမျိုးချစ်စိတ်ဓာတ်ရှိသည့်၊ စည်းကမ်းကောင်းမွန်မှုရှိသည့် လူငယ်များကိုအခြေခံပညာကျောင်းများမှမွေးထုတ်ပေးရန်လိုသည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
