နိုင်ငံအားလုံးအတွက်အကျိုးရှိစေမည့်လမ်းများတည်ဆောက်ရန်အတွက် ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ပြဿ နာကို ငြိမ်းချမ်းစွာဖြေရှင်းကြရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ကမ္ဘောဒီးယားနိုင်ငံ့ခေါင်းဆောင်များနှင့်တွေ့ဆုံစဥ် တိုက်တွန်းပြောကြားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီးဒေါက်တာခိုင်ခိုင်စိုးက ပြောသည်။
စီးပွားရေးအတွက် လမ်းမကြီးများ၊ ရထားလမ်းများတည်ဆောက်ရာတွင် ဗီယက်နမ်၊ ဟိုချီမင်းမှ ကမ္ဘောဒီးယား၊ ဖနောင်ပင်၊ ဗန်ကောက်ဖြစ်၍ ကမ္ဘောဒီးယား- ထိုင်းနယ်စပ်ပြဿနာပြေလည်မှသာ ယင်းလမ်းများကိုအကောင်အထည်ဖော်နိုင်မည်ဟု နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့ကြောင်း ပြောသည်။
” ဒီလမ်းကြောင်းကိုသာအကောင်အထည်ဖော်နိုင်ခဲ့ရင် ဒေသတွင်း ရထားလမ်း၊ ကားလမ်း လမ်းကြောင်းဖြတ်တဲ့နေရာက နိုင်ငံတွေအားလုံးအကျိုးရှိမှာဖြစ်ပါတယ်။ စီးပွားရေးအရ၊ လူမှုရေးအရ၊ ဆက်ဆံရေးအရ၊ ယဉ်ကျေးမှုအရ အားလုံးအကျိုးရှိမှာဖြစ်တဲ့အတွက် နယ်စပ်ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းဖို့၊ ဒေသတွင်းအကျိုးစီးပွားကိုကြည့်ပြီး ပြေပြေလည်လည်ဖြစ်အောင် ဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတကတိုက်တွန်းခဲ့ပါတယ် “ဟု ဒေါက်တာခိုင်ခိုင်စိုးက ပြောသည်။
ထို့ပြင် နယ်စပ်ပြဿနာသည် နယ်နိမိတ်ချင်းထိစပ်နေသောနိုင်ငံများ၌ အနည်းနှင့်အများရှိရာ အရေးကြီးဆုံးသည် အကောင်းဆုံးဘယ်လိုဖြေရှင်းမလဲ၊ ညှိနှိုင်းဆွေးနွေးကာ Joint Committee များဖွဲ့ပြီး အကောင်းဆုံးနည်းလမ်းနှင့်ဖြေရှင်းရန်လိုကာ အဓိကအနေဖြင့်ငြိမ်းချမ်းစွာနယ်စပ်ပြဿနာကိုဖြေရှင်းကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့ကြောင်း ဒေါက်တာခိုင်ခိုင်စိုးက ပြောသည်။
