ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ Jamaat-e-Islami ပါတီမှ ရခိုင်ပြည်နယ်အား သီးခြားနိုင်ငံအဖြစ် အသိအမှတ်ပြုရန်၊ ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များကိုသီးခြားလွတ်လပ်သည့် ပြည်နယ်တစ်ခုသတ်မှတ်ပေးရန် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအားတိုက်တွန်းရန် တရုတ်ကွန်မြူနစ်ပါတီနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့မှုများနှင့်ပတ်သက်၍ နစက မှပြန်လည်တုန့်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဧပြီ ၂၇ ရက်က ဒါကာမြို့ရှိ Hotel Westin တွင် Jamaat-e-Islami ပါတီ ဗဟိုကော်မတီအဖွဲ့ဝင် Dr. Syed Abdullah Muhammad Taher ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ကွန်မြူနစ်ပါတီမှ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုထိခိုက်စေသည့် ဆွေးနွေးတောင်းဆိုမှုများပါရှိသည်ဟု ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂါလီဒုက္ခသည်ပြန်လည်လက်ခံရေး သဘောထားရပ်တည်ချက်များကို ပြောကြားထားပြီးဖြစ်ကာ ဘင်္ဂါလီဒုက္ခသည်များကို စာရင်းတိုက်ဆိုင်စိစစ်ပြီးပြန်လည်လက်ခံမည်ဆိုသည့် အခြေခံမူဝါဒရှိပြီးဖြစ်သည်ဟု ပြောသည်။
ဒုက္ခသည်များပြန်လည်ဝင်ရောက်နေထိုင်နိုင်ရန် လုံလောက်သည့် အဆောက်အအုံများကိုလည်း တရုတ်နိုင်ငံ၏ အကူအညီဖြင့်တည်ဆောက်ပြီးဖြစ်သည်ကို နိုင်ငံတကာသံတမန်များသို့ ရှင်းလင်းပြသပြီး ဖြစ်သည်ဟု ပြောသည်။
ထို့ကြောင့် Jamaat-e-Islami ပါတီသည် နိုင်ငံရေးအမြတ်ထုတ်လိုမှုကြောင့် တရုတ်ကွန်မြူနစ်ပါတီနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့မှုများသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကိုထိပါးသည့် ပြောဆိုချက်ဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် လက်မခံရှုံ့ချကန့် ကွက်သည်ဟု ပြောကြားခဲ့သည်။
အဆိုပါ Jamaat-e-Islami ပါတီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစ္စလာမ်ဘာသာရေးအခြေခံ နိုင်ငံရေး ပါတီတစ်ခုဖြစ်ပြီး ယခင် အစိုးရလက်ထက်တွင် ပါတီတရားစွဲဆိုခံရပြီး ၂၀၁၄ ခုနှစ်မှစ၍ ရွေးကောက်ပွဲဝင်ခွင့်မရခဲ့ဘဲ ယခု ကြားဖြတ်အစိုးရလက်ထက် ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းက စွပ်စွဲထားမှုများအားရုတ်သိမ်းပေးခဲ့သည့် ပါတီတစ်ခုဖြစ်သည်ဟုလည်း သိရသည်။