ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသား/သူများ ကြိုတင်ဆန္ဒမဲပေးနိုင်ဖို့ ပုံစံ (၁၅) ဖြန့်ဝေလျက်ရှိကြောင်း မြန်မာနိုင်ငံဆို င်ရာ ဂျပန်သံရုံးက ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဂျပန်နိုင်ငံ၌ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ (၁၅)များကို သံရုံးတွင် စတင်ထုတ်ယူနိုင်မည့် နေ့ရက်၊ အချက်အလက်ဖြည့်သွင်းပြီးသည့် ပုံစံ (၁၅)များကို သံရုံးသို့ပေးပို့နိုင်မည့် နေ့ရက်များကို အသိပေးထုတ်ပြန်ထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီးအလိုက်မဲဆန္ဒနယ်များ သတ်မှတ်ကြေညာချက်ကို ဩဂုတ် (၁၆) ရက်တွင်လည်းကောင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ၁၃၈၇ ခုနှစ်၊ ပြာသို လဆန်း (၁၀) ရက်၊၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက် တနင်္ဂနွေနေ့တွင် စတင်ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ကြေညာချက်ကို ဩဂုတ်လ (၁၈) ရက်တွင်လည်းကောင်း အသီးသီးထုတ်ပြန်ကြေညာပြီး ဖြစ်သည်။
ယခုအခါ ပြည်ပရောက်မဲဆန္ဒရှင်များမှ ပုံစံ(၁၅)များကို သက်ဆိုင်ရာသံရုံးများတွင် စတင်ထုတ်ယူနိုင်မည့် နေ့ရက်၊ အချက်အလက်ဖြည့်သွင်းပြီးသည့် ပုံစံ(၁၅)များကို သက်ဆိုင်ရာသံရုံးများသို့ ပေးပို့နိုင်မည့်နေ့ရက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၈၂(က)အရ အောက်ပါနေ့ရက်များကို ကြေညာချက်အမှတ် (၆၂/၂၀၂၅) ဖြင့် ဩဂုတ်လ (၂၁) ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပြည့်စုံစွာဖြည့်စွက်ထားသည့် ပုံစံ (၁၅) ကို သက်တမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ၊ မြန်မာနိုင်ငံရှိအိမ်ထောင်စုစာရင်းမိတ္တူတို့နှင့်အတူ မြန်မာသံရုံး၊ တိုကျိုမြို့၏ ဖော်ပြပါလိပ်စာသို့ လူကိုယ်တိုင်လည်းကောင်း၊ စာတိုက်မှလည်းကောင်း၊ သံရုံး၏အောက်ဖော်ပြပါ အီးမေးလ်သို့လည်းကောင်း စက်တင်ဘာ (၉) ရက် နောက်ဆုံးထား၍ ပြန်လည်ပေးပို့ရန် အကြောင်းကြားထားသည်။
ထို့ပြင် မိမိတို့နှင့်နီးစပ်ရာ မြန်မာနိုင်ငံသားများထံ ဖြန့်ဝေအသိပေးနိုင်ရန်လည်း သံရုံးကမေတ္တာရပ်ခံထားသည်။
