ဟနွိုင်း၊ စက်တင်ဘာ ၄
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဗီယက်နမ်နိုင်ငံသမ္မတနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ယနေ့ စက်တင်ဘာ ၄ ရက် နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ထွက်ခွာလာခဲ့ရာ ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မွန်းတည့် ၁၂ နာရီခွဲတွင် ရောက်ရှိခဲ့သည်။
နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ လိုက်ပါလာသည့် အထူးလေယာဉ် Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာချိန်တွင် ဗီယက်နမ်သမ္မတရုံးဝန်ကြီး၊ နိုင်ငံခြားရေးဒုတိယဝန်ကြီးနှင့် ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ စစ်သံမှူး၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များက ကော်ဇောနီတစ်လျှောက် နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
ထို့နောက် ဗီယက်နမ်နိုင်ငံ၏ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုဂုဏ်ပြုသည့် အစဉ်အလာနှင့်အညီ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့အား ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
