ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊မိုင်းနားကျေးရွာ အုပ်စု၊ မိုင်းနားကျေးရွာ၏ မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်းကို သြဂုတ် ၂၉ ရက်နံနက် ၁၀ နာရီခွဲကစတင်ဖွင့်လှစ်ပြီး ကုန်စစ်ဆေးရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကုန်စစ်ဆေးရေးစခန်းကို ကချင်ပြည်နယ်အတွင်း နယ်စပ်ကုန်စည်စီးဆင်းမှုများ လွယ်ကူလျင်မြန်ချော့မွေ့စေရေး၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန် ဘဏ္ဍာများတိုးပွားရရှိစေရေးနှင့် တရားမဝင်ကုန်သွယ်မှုများ တရားဝင်လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရေးတို့အတွက် ဖွင်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
ကုန်စစ်ဆေးရေးစခန်းဖွင့်ပွဲတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်းဖွင့်လှစ်နိုင်ခြင်းသည် ကုန်သွယ်မှုလုပ်ငန်းများလျင်မြန်ချောမွေ့စေပြီး နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများတိုးပွားရရှိစေကာ တရားမဝင်ကုန်သွယ်မှုများပပျောက်ပြီးပြည်နယ်အတွင်း အခြေခံစားသောက်ကုန်၊ လူသုံးကုန်နှင့် တိရစ္ဆာန်အစာ များပြတ်လပ်မှုမရှိစေရေးပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စခန်းအတွင်း တရုတ်နိုင်ငံမှတင်သွင်းလာသည့် ကုန်ပစ္စည်းများအား ဌာနဆိုင်ရာအစုအဖွဲ့များက သက်ဆိုင်ရာကဏ္ဍအလိုက်လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးဆောင်နေမှုများနှင့် ဌာနအလိုက်လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ် နယ်စပ်ကုန် သွယ်ရေးလုပ်ငန်းများကို အဓိကဆောင်ရွက်နေသည့် ကံပိုင်တည်-မြစ်ကြီးနား-မန္တလေးလမ်းကြောင်းနှင့် လွယ်ဂျယ်-ဗန်းမော်-မန္တလေးလမ်းကြောင်းများသည် ၂၀၂၄ ခုနှစ်အတွင်း နယ်မြေလုံခြုံရေးအခြေအနေအရ ယာယီပိတ်ထားခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေ ဖြင့် ကုန်သွယ်ရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရွှေမိုးတောင်ဘု ရားမုဒ်ဦးမြေနေရာတွင် ယာယီဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယာယီဖွင့်လှစ်ဆောင်ရွက်စဉ် သွင်း ကုန်/ပို့ကုန်ယာဉ်စီးရေ(၃,၆၂၄)စီးတွင် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ(၃၂ ဒဿမ ၅၄၇)သန်းကို ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
Photo-ကချင်ပြည်နယ်အစိုးရ
