မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ နိုင်ငံတော်ပိုင်မြေတွင် တည်ဆောက်-လုပ်ငန်းဆောင်ရွက်-လွှဲပြောင်း၊ Built-Operate-Transfer (BOT) စနစ်ဖြင့် ပုဂ္ဂလိကအထူးကုဆေးရုံလုပ်ငန်း တည်ထောင်ဖွင့်လှစ်ရန် လျှောက်ထားလိုသည့် ကုမ္ပဏီများအား စိတ်ဝင်စားမှုအဆိုပြုလွှာ တင်ပြရန် ဖိတ်ခေါ်ထားသည်။
ယင်းအဆိုပြုလွှာကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ပုဂ္ဂလိက ဆေးရုံများ တည်ထောင်ဖွင့်လှစ်နိုင်ရန် အကောင်အထည်ဖော်ရေး ကော်မတီက ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။
ဖိတ်ခေါ်ချက်တွင် ယင်းနိုင်ငံတော်ပိုင်မြေ၌ မျက်စိရောဂါကုသမှု၊ ကင်ဆာရောဂါကုသမှု၊ ဆီးနှင့်ကျောက်ကပ်ရောဂါကုသမှုနှင့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု၊ အထွေထွေရောဂါ အထူးကုသမှုစသည်တို့ကို ဦးစားပေးဆောင်ရွက်ခြင်းဖြင့် ပုဂ္ဂလိကကျန်းမာရေးအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ပြည်သူလူထုအတွက် လိုအပ်သောကျန်းမာရေးဝန်ဆောင်မှုများ အားဖြည့်ဆောင်ရွက်သွားရန် လိုအပ်ချက်ကြောင့် ဖြစ်သည်ဟု ဆိုသည်။
စိတ်ဝင်စားသော နိုင်ငံသားလုပ်ငန်းရှင်များအနေဖြင့် စိတ်ဝင်စားမှု အဆိုပြုလွှာအား ကုသရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနသို့ (Hard copy/Soft copy/Word Files) များဖြင့် ဧပြီလ (၂၃) ရက် ညနေ (၄)နာရီ နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်သည်ဟု ဆိုသည်။
လျှောက်လွှာရယူလိုသူများသည် ပုဂ္ဂလိက ကျန်းမာရေးဌာနခွဲ၊ ကုသရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန ၊ ရုံးအမှတ် (၄) နေပြည်တော်တွင် လာရောက် ထုတ်ယူရမည်ဖြစ်ကြောင်းလည်း သိရသည်။