နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏လုံခြုံရေးတို့ကို ကာကွယ်စောင့်ရှောက်ရန်တို့အတွက် လိုအပ်သည့်တုံ့ပြန်ဆောင်ရွက်မှု အခြေအနေများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အောက်တိုဘာ ၂၇ ရက်က မလေးရှားနိုင်ငံ၌ကျင်းပသည့် (၄၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရန် အစိုးရ၏ကြိုးပမ်းဆောင်ရွက်နေမှုများ၊ လွတ်လပ်မျှတပြီးအားလုံးပါဝင်ကာ အများကယုံကြည်လက်ခံသည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများ၊ အာဆီယံတူညီဆန္ဒ(၅) ချက်ကို အကောင်အထည်ဖော်ရာ၌ မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်နေမှုများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် အမြဲတမ်းအတွင်းဝန်မှ ထိပ်သီးအစည်းအဝေးများ၌ တက်ရောက်လာသူများနှင့်အတူ လက်ရှိပူးပေါင်းဆောင်ရွက်မှုများအပေါ်ပြန်လည်သုံးသပ်၍ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများနှင့် ဒေသတွင်းနှင့်နိုင်ငံတကာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံ၍ အောက်တိုဘာ ၂၇ ရက်က (၂၆)ကြိမ်မြောက် အာဆီယံ-ကိုရီးယားထိပ်သီးအစည်းအဝေး၊ (၂၈)ကြိမ်မြောက် အာဆီယံအပေါင်းသုံးထိပ်သီးအစည်းအဝေး၊ (၅)ကြိမ်မြောက် ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ပြုမှုခေါင်းဆောင်များထိပ်သီးအစည်းအဝေး၊ (၂၀)ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေး၊ (၁၅)ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂထိပ်သီးအစည်းအဝေးတို့ကို ကျင်းပခဲ့သည်။
