ချဒ်နိုင်ငံဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ကနေ နှုတ်ထွက်ဖို့ စီစဉ်နေကြောင်း တနင်္လာနေ့မှာ ကြေညာခဲ့ပြီး နောက်ဆုံး နှုတ်ထွက်တဲ့ နိုင်ငံ ဖြစ်လာပါတယ်။ ခုံရုံးရဲ့ ထိရောက်မှုဟာ “ကန့်သတ်ချက်ရှိပြီး ညီမျှမှုမရှိဘူး” လို့ တိုင်ကြားခဲ့သလို ခုံရုံးရဲ့ လုပ်ဆောင်ချက်တွေဟာ အာဖရိကအပေါ်မှာပဲ ဗဟိုပြုနေတယ်လို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။
ဒီလိုကြေညာတာဟာ အမေရိကန်ရဲ့ လှုပ်ရှားမှုအပြီးမှာ ထွက်ပေါ်လာတာပါ။ အမေရိကန်ဟာ ဒီလအစောပိုင်းတုန်းက ICC ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ရပ် ကြေညာခဲ့ပြီး အရေးယူပိတ်ဆို့မှုတွေ ပိုလုပ်မယ်လို့ ခြိမ်းခြောက်ခဲ့သလို ICC ဟာ “အမေရိကန်ရဲ့ အချုပ်အခြာအာဏာကို သည်းမခံနိုင်စရာ ခြိမ်းခြောက်နေတယ်” လို့လည်း စွပ်စွဲခဲ့ပါတယ်။
ဒီလထဲမှာပဲ ဗင်နီဇွဲလားနဲ့အတူ ဘာကီနာဖာဆို၊ မာလီနဲ့ နိုက်ဂျာနိုင်ငံတို့က စစ်အစိုးရတွေဟာလည်း သဟိဂ်မြို့မှာ အခြေစိုက်ပြီး စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တရားစွဲဆိုပေးနေတဲ့ ICC ကနေ နှုတ်ထွက်ဖို့ လုပ်ငန်းစဉ်တွေကို စတင်ခဲ့ကြပါတယ်။ ဘူရွန်ဒီနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကတော့ အစောပိုင်းတည်းက နှုတ်ထွက်သွားခဲ့ကြပြီး ဖြစ်ပါတယ်။
ချဒ်အစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ ICC စတင်လည်ပတ်ခဲ့တဲ့ ၂၀၀၂ ခုနှစ်ကတည်းက သူ့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ မှတ်တမ်းတွေကို အသေးစိတ် ပြန်လည်သုံးသပ်ပြီးနောက်မှာ ခုလို နှုတ်ထွက်ဖို့ ကြေညာရတာဖြစ်ကြောင်း၊ ခုံရုံးရဲ့ ထိရောက်မှုဟာ ကန့်သတ်ချက်ရှိပြီး ညီမျှမှု မရှိသေးကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ICC ဟာ အာဖရိကနိုင်ငံတွေအပေါ်မှာပဲ အဓိက အာရုံစိုက်နေတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။
အဲဒီခုံရုံးစတင်ဖွဲ့စည်းချိန်ကစပြီး စုံစမ်းစစ်ဆေးမှု ၁၃ ခု လုပ်ဆောင်ခဲ့ရာမှာ ၉ ခုဟာ အာဖရိကနိုင်ငံတွေနဲ့ သက်ဆိုင်နေပြီး ကမ္ဘာ့အခြားဒေသတွေအတွက် ၄ ခုပဲ ရှိခဲ့ပါတယ်။ “ခုံရုံးရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာ လူ ၇ ယောက်ပဲရှိပြီး အဲဒီထဲက ၆ ယောက်ဟာ အာဖရိက ဖြစ်စဉ်တွေနဲ့ တရားစွဲဆိုခံနေရတာ ဖြစ်ပါတယ်” လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ချဒ်နိုင်ငံခြားရေးဝန်ကြီးရဲ့ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာမှာ ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့ရာမှာ အမေရိကန်က ICC အဖွဲ့ဝင်ဖြစ်မှုကို ပြန်လည်စဉ်းစားဖို့ ဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အာဖရိကရေးရာ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဖရန့်ခ် ဂါစီယာ(Frank Garcia) နဲ့ ချဒ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာယဲ ဆာဘရီ ဖာဒူးလ်(Abdoulaye Sabre Fadoul) တို့ ကြာသပတေးနေ့က ဖုန်းဆက်ဆွေးနွေးမှုကို ရည်ညွှန်းပြီး “အမေရိကန်ဘက်က ဒီအဖွဲ့အစည်းရဲ့ လည်ပတ်ပုံနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ရောမစာချုပ်မှာ ပါဝင်ထားမှုကို ပြန်လည်သုံးသပ်ဖို့ ချဒ်နိုင်ငံကို ပြောကြားခဲ့ပါတယ်” လို့ ရေးသားထားပါတယ်။
ဒါပေမဲ့ သောကြာနေ့မှာတော့ နိုင်ငံခြားရေးဝန်ကြီး ဖာဒူးလ်က “ကျွန်တော်တို့ ICC ကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်တာဟာ အမေရိကန်တွေရဲ့ ပြောကြားမှုကြောင့် မဟုတ်ပါဘူး” လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။
အဲဒီသောကြာနေ့မှာပဲ ICC အဖွဲ့ဝင်နိုင်ငံအများစုဟာ အမျိုးသမီး ဝန်ထမ်းတစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်ဆိုတဲ့ ငြင်းခုံစရာ စွပ်စွဲချက်တွေကြောင့် တရားလိုရှေ့နေ ကာရင်မ် ခန်း (Karim Khan) ကို ရာထူးကနေ ထုတ်ပယ်ဖို့ မဲပေးခဲ့ကြပါတယ်။ ခန်းကတော့ ဒီစွပ်စွဲချက်တွေကို ပြတ်ပြတ်သားသား ငြင်းဆိုထားပြီး သူ့ရဲ့ ရှေ့နေကတော့ ဒီဆုံးဖြတ်ချက်ရဲ့ တရားဝင်မှုနဲ့ တရားမျှတမှုတို့ကို စိန်ခေါ်သွားမယ်လို့ ပြောထားပါတယ်။
ဗင်နီဇွဲလားနိုင်ငံကလည်း ခုံရုံးဟာ ဘက်လိုက်မှုရှိတယ်လို့ စွပ်စွဲပြီး နှုတ်ထွက်မယ်လို့ သောကြာနေ့မှာ ပြောခဲ့ပါတယ်။ ဘာကီနာဖာဆို၊ မာလီနဲ့ နိုက်ဂျာတို့ကတော့ ဇူလိုင်လ အစောပိုင်းတုန်းကတည်းက နှုတ်ထွက်ခဲ့ကြတာကြောင့် သူတို့ရဲ့ နှုတ်ထွက်မှုဟာ ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှု ဖော်ဆောင်ရေးကို ထိခိုက်စေတယ်လို့ ICC အလုပ်အမှုဆောင်အဖွဲ့က စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
