ပညာရေးကို အလေးပေးမြှင့်တင်ဆောင်ရွက်သွားရန် မဖြစ်မနေလိုအပ်မည်
နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အရည်သွေးပြည့်ဝသည့် လူသားအရင်းအမြစ်ကောင်းများလိုအပ်မည်ဖြစ်ကြောင်း နှင့် ပညာရေးကို အလေးပေးမြှင့်တင်ဆောင်ရွက်သွားရန် မဖြစ်မနေလိုအပ်မည်ဖြစ်ကြောင်း
ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော် မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကပြောသည်။
ယနေ့ အောက်တိုဘာ ၂၈ ရက်မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်း/ပြည်နယ်ဝန်ကြီးချုပ်များနှင့် လုပ်ငန်းညိနှိုင်းအစည်းဝေးတွင် ယာယီသမ္မတက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံ၏ အသက်(၂၅)နှစ်အထက် လူဦးရေ၏ ၄၆ ရာခိုင်နှုန်းခန့်သည် ပညာရေးအားနည်းသဖြင့် ပညာရေးကို အလေးပေးမြှင့်တင်ဆောင်ရွက်ရန် မဖြစ်မနေ လိုအပ်မည်ဖြစ်ပြီး ပညာရေးအားကောင်းမှသာ လူသားအရင်းအမြစ်ကောင်းများကိုလည်း ရရှိနိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတ က ပြောကြားခဲ့သည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်မှုမရှိခဲ့သည့်ကျောင်းသားကျောင်းသူများစွာရှိနေပြီး ၂၀၂၁ ခုနှစ်ကနေ ယခုချိန်ထိအတွင်း၌ပင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခြင်းမရှိခဲ့သူ လူဦးရေ ၅ သန်း ခန့်ရှိကြောင်း သိရသည်။
၄င်းတို့အနေဖြင့်လည်း နိုင်ငံတော်အတွက် မည်ကဲ့သို့ အသုံးချနိုင်မည်ကို စဉ်စားဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် တာဝန်ရှိသူများ၊ပညာရှင်များနှင့် တိုင်ပင်၍ သက်ဆိုင်ရာပညာရပ်များအလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည့် Polytechnic ကျောင်းများဖွင့်လှစ်သင်ကြားနိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ယာယီသမ္မတက ပြောကြားခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပညာတတ်လူသားအရင်းမြစ်ကောင်းများ မွေးထုတ်နိုင်ရေးနှင့်ပတ်သက်၍ လုပ်သင့်လုပ်ထိုက်သည်များကို အလေးထားဆောင်ရွက်သွားကြရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။
