ပြီးခဲ့သည့်စက်တင်ဘာလအတွက် မိသားစုလွှဲပို့ငွေ ရရှိမှုအထောက်အထားတင်ပြရန် တင်ပြခြင်းမရှိသေးသည့် အေဂျင်စီများ (၆၀) ကျော် ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာန၊ Safe migration ၏ထုတ်ပြန်ထားချက်အရ သိရသည်။
အေဂျင်စီများအနေဖြင့် အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ အထောက်အထားတင်ပြရာတွင် အနည်းဆုံး (၄၁) ရာခိုင်နှုန်းသာတင်ပြရန် သက်ဆိုင်ရာက ဖြေလျှော့ပေးထားပြီး အလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လမှစ၍ နိုင်ငံအလိုက် မိသားစုလွှဲပို့ငွေစာရင်း တင်ပြနိုင်ခြင်းမရှိသည့်အေဂျင်စီများကို အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ ယာယီဆိုင်းငံ့သွားမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလက အသိပေးထုတ်ပြန်ထားပြီးဖြစ်သည်။
နိုင်ငံအလိုက်စေလွှတ်ရှိသော်လည်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွက် မိသားစုလွှဲပို့ငွေ ရရှိမှုအထောက်အထားတင်ပြရန် တင်ပြခြင်းမရှိသေးသည့် အေဂျင်စီများစာရင်းဟု ဆိုကာ အေဂျင်စီများ၏ နာမည်နှင့်တကွ စာရင်းကို ထုတ်ပြန်ထားသည်။
အဆိုပါအေဂျင်စီများအနေဖြင့် အောက်တိုဘာ ၁၅ ရက်နောက်ဆုံးထားတင်ပြရမည်ဖြစ်ပြီး အချိန်မီပေးပို့ခြင်း မရှိပါက Demand Letter အသစ်တင်ပြခွင့်ဆိုင်းငံ့ခြင်း ခံရမည့်အပြင် ဒဏ်ကြေးပေး ဆောင်ရမည်ဖြစ်ကြောင်း အသိပေးထားသည်။
